နီပေါတွင် စစ်တပ်ချထားသော်လည်း ဆန္ဒပြမှုများတွင် သေဆုံးသူဦးရေ မြင့်တက်လာ

ဓာတ်ပုံ - AFP
ပုံစာ - ခတ္တမန္ဒူမြို့ရှိ နီပေါအစိုးရ၏ အဓိကအုပ်ချုပ်ရေးအဆောက်အအုံဖြစ်သော Singha Durbar အပြင်ဘက်လမ်းပေါ်တွင် စက်တင်ဘာလ ၁၀ ရက်၊ စစ်သားများ ကင်းလှည့်နေကြစဉ်။

နိုင်ငံရေးခေါင်းဆောင်ပိုင်းက ရာထူးမှနုတ်ထွက်ရန် တွန်းအားပေးခံရသည့် ပြင်းထန်သည့် ကန့်ကွက်ဆန္ဒပြမှုများကို ထိန်းချုပ်ရန်အတွက် နီပေါစစ်တပ်က ခတ္တမန္ဒူမြို့ လမ်းများပေါ်တွင် တပ်ဖွဲ့ဝင်များကို ချထားသော်လည်း သေဆုံးသူ ၃၀ ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း မီဒီယာများက ဖော်ပြထားသည်။

စက်တင်ဘာ ၁၀ ရက် ညနေပိုင်းအထိ ဒဏ်ရာရရှိသူ ၁,၀၀၀ ကျော်ရှိကြောင်း The Hindu သတင်းစာက နီပေါကျန်းမာရေးနှင့် ပြည်သူ့ရေးရာဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် ကေပီရှာမာအိုလီ ရာထူးမှ နုတ်ထွက်ပြီးနောက်ပိုင်း ဆန္ဒပြသူများသည် ၎င်း၏ ရုံးခန်းကို ဝင်ရောက်စီးနင်းကာ ကိုယ်ပိုင်နေအိမ်နှင့် အခြားသော အစိုးရအဆောက်အအုံများကို မီးရှို့ခဲ့ပြီးနောက် စက်တင်ဘာ ၉ ရက် ညနေပိုင်းတွင် စစ်တပ်ချထားမှု စတင်ခဲ့သည်။

ပထမဆုံး ဆန္ဒပြမှုဖြစ်စဉ်သည် လူသုံးများသည့် လူမှုမီဒီယာပလက်ဖောင်းအချို့ကို ပိတ်ပင်ခြင်းကြောင့် ဖြစ်ပေါ်လာပြီး စက်တင်ဘာ ၉ ရက်တွင် ဆန္ဒပြသူများသည် အုပ်ချုပ်မှုညံ့ဖျင်းခြင်းအပေါ် အရေးယူရန် တောင်းဆိုခဲ့ကြသောကြောင့် ပိုမိုပြင်းထန်လာခဲ့သည်။

မြို့တော်ရှိ လေဆိပ်ကို ဆက်လက်ပိတ်ထားကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

နီပေါနိုင်ငံသည် ယခုအခါ အစိုးရဆန့်ကျင်ရေး လမ်းပေါ်ဆန္ဒပြမှုများကြောင့် တုန်လှုပ်နေရသည့် နောက်ဆုံး တောင်အာရှနိုင်ငံ ဖြစ်လာသည်။

၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ဝန်ကြီးချုပ်ရှိတ်ခ်ဟာစီနာကို ရာထူးမှ ဖယ်ရှားနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သီရိလင်္ကာအစိုးရသည်လည်း လူထုအုံကြွမှုများကြောင့် ပြုတ်ကျခဲ့သည်။

အစိုးရ၏ ဆန္ဒပြမှုများအပေါ် အကြမ်းဖက်တုံ့ပြန်မှုအပေါ် ဝေဖန်မှုများကြောင့် နီပေါဝန်ကြီးချုပ်နှင့်အတူ အရေးပါသော ဝန်ကြီးများစွာလည်း နုတ်ထွက်ခဲ့ကြသဖြင့် နိုင်ငံတွင်းတွင် နိုင်ငံရေးအရ လစ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတွင်း မတည်ငြိမ်မှုများ မြင့်တက်လာခြင်းသည် အိန္ဒိယအတွက် ခေါင်းကိုက်စရာ ဖြစ်လာနိုင်ကြောင်း သုံးသပ်သူများက ပြောသည်။

“အိန္ဒိယနဲ့ နီပေါတို့ဟာ စီးပွားရေး၊ လုံခြုံရေးနဲ့ ယဉ်ကျေးမှုအရ နက်ရှိုင်းစွာ ချိတ်ဆက်နေပါတယ်” ဟု Bloomberg ၏ တောင်အာရှဆိုင်ရာ ပထဝီစီးပွားရေးလေ့လာသူဖြစ်သူ ချက်တနာကုမာက ရေးသားခဲ့သည်။ “သူတို့ရဲ့ ပွင့်လင်းနယ်စပ်က နီပေါရဲ့ တည်ငြိမ်မှုကို အိန္ဒိယရဲ့ ပြည်တွင်းလုံခြုံရေးနဲ့ တိုက်ရိုက်သက်ဆိုင်စေပါတယ်” ဟု ၎င်းက ဆိုသည်။

နီပေါသည် အိန္ဒိယနှင့် တရုတ်နိုင်ငံကြားတွင် မဟာဗျူဟာမြောက်စွာ တည်ရှိပြီး ကြီးမားသည့် ရေအားလျှပ်စစ်အလားအလာများလည်း ရှိသည်။ နီပေါဝန်ကြီးချုပ် လက်အောက်တွင် တရုတ်အစိုးရနှင့် ပိုမိုနီးစပ်ခဲ့ပြီး နယူးဒေလီသည် ဒေသတွင်း ပြိုင်ဘက်၏ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန် စိတ်အားထက်သန်နေမည်ဖြစ်သည်။

နီပေါအစိုးရသည် Facebook၊ X နှင့် YouTube အပါအဝင် အစိုးရတွင် မှတ်ပုံတင်ရန် ပျက်ကွက်သည့် လူမှုမီဒီယာပလက်ဖောင်းများစွာကို ပြီးခဲ့သည့်အပတ်က ပိတ်ပင်လိုက်သောအခါတွင် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

အစိုးရက အဆိုပါ စည်းမျဉ်းအသစ်များသည် သတင်းအတုများ၊ မုန်းတီးမှုစကားများနှင့် ဆိုက်ဘာမှုခင်းများကို တားဆီးနိုင်မည်ဟု ပြောဆိုခဲ့သည်။ ဆန္ဒပြသူများကမူ ယင်းကန့်သတ်ချက်များသည် အစိုးရ၏ အာဏာရှင်ဆန်သည့် သဘောထားကို ထင်ဟပ်နေပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် အဂတိ လိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

ဆန္ဒပြမှုများသည် အလုပ်လက်မဲ့ဖြစ်မှုနှင့် မညီမျှမှုများအပေါ် နီပေါလူငယ်များကြားတွင် ပိုမိုနက်ရှိုင်းသည့် စိတ်ပျက်အားငယ်မှုများကိုလည်း ထင်ဟပ်ပြနေသည်။ “နီပေါကလေးများ” ကဲ့သို့သော ဝေါဟာရများသည် ဆန္ဒပြမှုများနှင့်ဆက်စပ်သည့် လူမှုမီဒီယာပို့စ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားနေသည်။ ယင်းဝေါဟာရကို လူချမ်းသာမိသားစုများမှ ကလေးများက ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုကို ထုတ်ဖော်ပြသသည့် လုပ်ရပ်ကို သရော်လှောင်ပြောင်ရန်အတွက် အသုံးပြုသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ နိုင်ငံရှိ လူဦးရေ သန်း ၃၀ အနက် ၂၀ ရာခိုင်နှုန်းကျော်သည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရပြီး နောက်ဆုံး ရရှိနိုင်သော တရားဝင် ကိန်းဂဏန်းများအရ လူငယ်အလုပ်လက်မဲ့နှုန်းသည် ၂၂ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းထားသည်။