မော်လမြိုင်ရဲတပ်ဖွဲ့ တရားခံများမမိခြင်းဖြင့် စွမ်းဆောင်ရည်ကောင်း ပြနေ

ဓာတ်ပုံ- မော်လမြိုင်ခရိုင်ပြန်ဆက်၊ လဝက

အမှုကြီးငယ်မှန်သမျှ တရားခံမမိခြင်းသည် မော်လမြိုင်ရဲတပ်ဖွဲ့၏ ရိုးရာအစဉ်အလာလို ဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် လောင်းကစားဝိုင်းတို့ကို မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်အစိုးရအဖွဲ့က တရားဝင်ပမာ ခွင့်ပြုခဲ့ပြီးနောက် ခိုးဆိုးလုယက်နှင့် လူသတ်မှုတို့လည်း တောက်လျှောက်ဖြစ်ပွားလာသော်လည်း တ ရားခံများ ဖမ်းမိခြင်းမရှိကြောင်း သိရသည်။

“မော်လမြိုင်မှာ လမ်းမပေါ် လုယက်တာတို့၊ အိမ်တွေထဲ လူသတ်ဓားပြတိုက်တာတို့ဆိုတာ အရင်တုန်းက မကြားခဲ့ဖူးဘူး။အခု ပြီးခဲ့တဲ့ ၂နှစ် လောင်းကစားဝိုင်းတွေ လုပ်ပြီးမှ အမှုတွေလည်း အောတိုက်ဖြစ်လာတာ။ဘယ်အမှုမှ မမိဘူး။အမှုကြီးလည်း မမိဘူး။လမ်းမပေါ် ဆိုင်ကယ်နဲ့ ဖုန်းလုတာမျိုးလည်း မမိဘူး”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။

ဇန်နဝါရီ၁၈ရက်က မော်လမြိုင်မြို့၊လှိုင်ရတနာမြို့သစ်စီမံကိန်းအနီးရှိ ငါးကန်ဟောင်းတွင် ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး အသတ်ခံရမှုနှင့် ဇန်နဝါရီ၅ရက်က အောက်ကျင်းရပ်ကွက်၊မြို့ရှောင်လမ်းနေ အငြိမ်းစားဆရာမတစ်ဦး အိမ်တွင်း၌ သေဆုံးနေကြောင်း တွေ့ရှိပြီး ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေမှုတို့နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သံသယတရားခံအား ဖမ်းဆီးမိပြီဟု မကြားရသေးကြောင်း ၎င်းက ဆိုသည်။

“မနှစ်က ရတခ(အရှေ့တောင်တိုင်းစစ်ဌာနချုပ်)နားမှာ ဓားဒဏ်ရာတွေနဲ့သေနေတဲ့အမှုလည်း မမိသေးဘူး။ ပွဲဈေးက ပြန်လာတဲ့ LGBT ၂ဦး အသတ်ခံရတာလည်း မိတယ်လို့ မကြားဘူး။သံလွင်မြစ် ထဲမှာ အလောင်းတွေ မကြာခဏပေါ်တာလည်း တရားခံမိဖို့ မပြောနဲ့၊သေတဲ့သူ ဘယ်သူလဲဆိုတာ တောင် မသိဘူး။ရဲတွေက လိုင်းကြေးရဖို့ကိစ္စကလွဲရင် ဘာမှစိတ်မဝင်စားဘူး။အမှုတွေ မမိလို့လည်း အထက်က ဖိအားပေးတာမျိုး မရှိတာလည်း ပါတယ်”ဟု မွန်ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ် ဦးကပြောသည်။

၂၀၂၄ခုနှစ်၊နိုဝင်ဘာ၁၅ရက်(တန်ဆောင်တိုင်လပြည့်နေ့)မှစတင်ကာ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက် များတွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်း ခင်းခြင်းကို တရားဝင် စတင်ခဲ့ပြီးနောက် အမှုကြီး၊အမှုငယ်များ ဆက်တိုက်ဖြစ်ပေါ်လာကြောင်း သိရသည်။

“အမှုကြီးတွေဖြစ်ပြီဆိုရင် PDF တွေလုပ်တာလို့ လွှဲချလိုက်တယ်။မုဒုံမြို့လယ်ခေါင်မှာ ရွှေဆိုင် လုယက်တုန်းကလည်း စစ်ကောင်စီက PDF ခေါင်းစဉ်တပ်လိုက်တာပဲ”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားက ဆိုသည်။

၂၀၂၅၊နိုဝင်ဘာ၉ရက်ညက မော်လမြိုင်မြို့၊မြေနီကုန်းရပ်ကွက်တွင် LGBT ၂ဦး သေနတ်နှင့် ပစ်ခတ် ခံရပြီး သေဆုံးခဲ့ကာ ၂၀၂၅ဇူလိုင်၃၁ရက်ကလည်း မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနီး ရွှေနတ်တောင်ဘုရားလမ်းဝ ကားလမ်းမပေါ်၌ ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေ ကြောင်း တွေ့ခဲ့ရသည်။ထို့အပြင် ၂၀၂၅ဇူလိုင်၁၁ရက် နေ့ခင်းတွင် မုဒုံမြို့လယ်ခေါင်ရှိ ရွှေရတနာဦး ရွှေဆိုင် ဓားပြတိုက်ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်သေဆုံးပြီး ပိုင်ရှင်၏သမီး ဒဏ်ရာရခဲ့ရာ မုဒုံမြို့ ပတ်ပတ်လည်တွင် စစ်တပ်နှင့် လုံခြုံရေးဂိတ်များရှိသော်လည်း တရားခံအား ဖမ်းမိခြင်းမရှိပေ။