နိုင်ငံသားများအားလုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် ဝိုင်းဝန်းကြိုးပမ်းကြရန် အာဏာဖြင့် သိုက်တူးနေသော မွန်ပြည်နယ်ဝန်ကြီးချုပ်က မှာကြားလိုက် သည်။
ဖေဖေါ်ဝါရီ၃ရက်က မော်လမြိုင်မြို့၊ပြည်နယ်ခန်းမ၌ ပြုလုပ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး ဆွေးနွေးပွဲတွင် မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းက မိန့် ခွန်းပြောစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ကြောင်း ဒေသတွင်း စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ် ရာမညတိုင်းမ်က ဖော်ပြသည်။
“ကျနော်တို့ မွန်ပြည်နယ်ရဲ့ အဂတိလိုက်စားမှု အရှင်သခင်ကြီးက ဘယ်လိုမျက်နှာနဲ့ အဂတိတိုက်ဖျက်ဖို့မိန့်ခွန်းပြောသလဲဆိုတာစဉ်းစားလို့တောင်မရဘူး။သတ္တိရှိရင် အောင်ကြည်သိန်းရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲဆိုတာ ထုတ်ပြောရဲသလားလို့ မေးချင်တယ်”ဟု ဒေသတွင်းပါတီများ နှင့် နီးစပ်သော မော်လမြိုင်မြို့ခံတစ်ဦးကပြောသည်။
အောင်ကြည်သိန်းသည် ၎င်း၏ တပည့်ရင်း မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တင်ချိုမှ တစ် ဆင့် မော်လမြိုင်မြို့တွင်းရှိ လောင်းကစား၊မူးယစ်ဆေး၊အနှိပ်ခန်း၊ကာရာအိုကေ၊ပြည့်တန်ဆာခန်း စ သည့် မှောင်ခိုစီးပွားရေးလုပ်ငန်းရှင်များက ပေးသော လိုင်းကြေးကို ရယူနေကြောင်း သိရသည်။
“တခြားမြို့နယ်တွေက ထွေအုပ်တွေက လစဉ် အောင်ကြည်သိန်းဆီကို လိုင်းကြေးပေးနေတာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ”ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တာဝန်မှာ အဓိကကျသော်လည်းပြည်သူလူထုနှင့်အရပ်ဘက်အဖွဲ့များ၏ ပူးပေါင်းပါဝင်မှုလည်း အရေးကြီးကြောင်း အောင်ကြည်သိန်းက လမ်းညွှန်ခဲ့သေးသည်ဟု ရာမညတိုင်းမ်က ဖော်ပြသည်။
