ကော်သူးလေး ပက်စပို့ဖြင့် ရာနှင့်ချီသောနိုင်ငံများသို့ ခရီးသွားလာနိုင်ဆိုသော သတင်းအမှား

ကော်သူးလေးပက်စိပို့ဖြင့် နိုင်ငံပေါင်း ရာနှင့်ချီကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ခရီးသွားလာနိုင်မည်ဆိုသော သတင်းအမှားများ ဖေ့ဘွတ်ခ်၌ ပျံ့နှံ့လျက်ရှိသည်။

သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်ထားသော Burmese NOW ဖေ့ဘွတ်ခ်ပေ့ချ်က ၂၀၂၆ ဖေဖော်ဝါရီ ၄ရက် ည ၁၀နာရီကျော်တွင် သတင်းအမှားကို ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။

ဖြန့်ဝေထားသော အကြောင်းအရာမှာ ကော်သူးလေးနိုင်ငံမှ နိုင်ငံသားမှတ်ပုံတင်လက်မှတ်များ စတင်ထုတ်ပေး နေပြီဖြစ်ကြောင်း၊ မှတ်ပုံတင်လုပ်ပြီးလျှင် နိုင်ငံကူးလက်မှတ်များထပ်မံပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ကရင် ပက် စပို့စာအုပ်ဖြင့် နိုင်ငံပေါင်း ၃၀၀ သို့ Visa free ဖြင့် သွားရောက်နိုင်မည်ဖြစ်ကြောင်း၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်နိုင်ငံများသို့လည်း နှစ်နိုင်ငံ MOU စနစ်ဖြင့် အလုပ်သမားများစေလွှတ်သွားမည်ဖြစ်ပြီး ကရင်လူမျိုး များအနေဖြင့် ကရင်ပတ်စ်ပို့ စာအုပ်ကို မဖြစ်မနေလုပ်ထားရန်လိုကြောင်း၊ လက်ရှိကိုင်ဆောင်ထားသည့် ဗမာ ပတ်စ်ပို့စာအုပ်များကို မလိုအပ်တော့သည့်အတွက် လွှင့်ပစ်/မီးရှို့/ဖျက်ဆီး၍ရပြီဖြစ်ကြောင်း တိကျခိုင်မာမှု မရှိသော အကြောင်းအရာများကို ရေးသားထားခြင်းဖြစ်သည်။

သတင်းအမှားလင့်ခ် – https://bitly.cx/2HNp

အခြားသော ဖေ့ဘွတ်ခ်အကောင့်၊ ပေ့ချ်နှင့် ဂရုများတွင်လည်း အဆိုပါကိစ္စကို ဖြန့်ဝေနေကြသဖြင့် ပျံ့နှံ့မှုများ ပြားနေသည်။

အိပန်ဆယ်လိုဂရု – https://bitly.cx/zOHx5
MC Yan Yan – https://bitly.cx/x34mj
Photo SN – https://bitly.cx/rf6dy

ထိုသို့ ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ကော်သူလေးနိုင်ငံကူးလက်မှတ်ကိစ္စကို MPA Fact-check team က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအများဖြစ်ကြောင်း သိရှိခဲ့သည်။

သက်သေပြချက်

Google တွင် ကော်သူးလေးနိုင်ငံသားစိစစ်ရေးကတ်အကြောင်း သိရှိနိုင်ရန် “ကော်သူးလေး နိုင်ငံသား မှတ်ပုံတင်” ဟု ရေးသားရှာဖွေရာ “မြဝတီ&မဲဆောက်မီဒီယာ”က သတင်းဖော်ပြထားသည်။

KTLA စစ်ဦးချုပ် ဗိုလ်ချုပ် စောနယ်ဒါးမြက ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်တွင် ကော်သူးလေးသမ္မတနိုင်ငံတော် တည်ထောင်ကြောင်း ကြေညာခဲ့ပြီနောက် ယင်း ဒေသအတွင်း နေထိုင်သူများအား မှတ်ပုံတင်ပြုလုပ်ပေးနေ သည်။

လက်ရှိတွင် ကော်သူးလေးနိုင်ငံ၌ နေထိုင်သည့် အရပ်သားပြည်သူ ၁၂၀၀ ကျော်အား နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ပြုလုပ်ပေးခဲ့ကြောင်း Thai PBS သတင်းကိုးကား၍ မြဝတီ&မဲဆောက်မီဒီယာက သတင်းရေးသား ထားသည်။

သတင်းလင့်ခ် – https://bitly.cx/daLzt

အဆိုပါ သတင်းတွင် မှတ်ပုံတင်လုပ်ပြီးလျှင် နိုင်ငံကူးလက်မှတ်လုပ်ပေးမည်ဖြစ်ကြောင်း ရေးသားဖော်ပြထား ခြင်း မရှိပါ။

ကရင်ပက်စပို့စာအုပ်က နိုင်ငံပေါင်း ၇၉၅ နိုင်ငံသို့ Visa Free သွားရောက်နိုင်မည်ဆိုသော အချက်အလက်ကို စစ်ဆေးကြည့်လျှင် မှားယွင်းနေကြောင်း သိရှိနိုင်သည်။

လက်ရှိ ကမ္ဘာပေါ်တွင် တရားဝင်နိုင်ငံပေါင်း ၁၉၅ နိုင်ငံသာ ရှိပြီး ၇၉၅ နိုင်ငံဆိုသော အရေအတွက်မှာ ဖြစ်နိုင်ဖွယ်ရာမရှိပေ။

သက်သေပြချက်လင့်ခ် – https://bitly.cx/h8XZ2

ထို့အပြင် ကရင်ပက်စပို့ဖြင့် MOU စနစ်ဖြင့် လုပ်သားစေလွတ်မည်ဆိုသော အကြောင်းအရာနှင့် ဗမာပက်စပို့ များကို ဖျက်ဆီး၍ရနိုင်ကြောင်း ဖြန့်ဝေထားသော အကြောင်းအရာသည် တိကျခိုင်မာမှုမရှိဘဲ ရေးသားထားခြင်း ဖြစ်သည်။

ယုံကြည်စိတ်ချရသော သတင်းမီဒီယာများတွင်လည်း အဆိုပါကိစ္စကို ရေးသားဖော်ပြခြင်း မရှိပါ။

ကော်သူးလေးမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနေသော အကြောင်းအရာမှာ မှန်ကန်သော်လည်း ပက်စပို့စာအုပ်နှင့်ပတ်သက်သော အချက်အလက်များမှာ မှားယွင်းနေသည်။

ထို့ကြောင့် ဖေ့ဘွတ်ခ်သုံးစွဲသူများအကြား ကော်သူးလေးပက်စပို့ဖြင့် ရာနှင့်ချီသောနိုင်ငံများသို့ ခရီးသွားလာနိုင်ကြောင်း ဖြန့်ဝေနေခြင်းသည် သတင်းအမှားသာဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။