မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်လက်ချက်ကြောင့် စစ်ဘေးရှောင်သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများနှင့် စစ်ရှောင်များထံမှ သိရသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲမတိုင်ခင် ကာလအတွင်း စစ်တပ်က နယ်မြေလုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်ကြောင်းထိုးနေခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရွေးကောက်ပွဲပြီးစီးသွားသော်လည်း စစ်ကော်မရှင်လက်အောက်ခံ စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာခြင်း မရှိသေးဘဲ ရန်ကုန်−မော်လမြိုင် ကားလမ်းဘေး ကျေးရွာတစ်လျှောက်နှင့် ကေအဲန်ယူ (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ကျေးရွာများဘက်သို့ ထပ်မံစစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သထုံခရိုင်အတွင်း စစ်ဘေးရှောင် ကူညီပေးနေသူအချို့က MPA ကို ပြောသည်။
“အခုက လမ်းမတန်းဘက်က ရွာတွေအနားမှာ သူတို့က ကင်းပုန်းချထားပြီး တစ်ခါတစ်ခါ ရွာဘက်ထိုးတာမျိုး ရှိတယ်လေ။ နောက်တစ်ပိုင်းက ဒီ KNU နယ်မြေဘက်ကို သူတို့တွေ ဝင်လို့မရနေတော့ လက်နက်ကြီး ပစ်တာက တစ်မျိုးရှိတယ်။ ခက်တာက သူတို့ ပြန်မဆုတ်ဘဲနဲ့ ရွာတွေဘက်ကို လက်နက်ကြီးပစ်တော့ ရွာသားတွေ မနေရဲတော့ဘူးလေ။ အခု ဒါများလာတာကလည်း ဒီ Election (ရွေးကောက်ပွဲ) ကာလမှာပေါ့ စစ်ရှောင်တွေလေ” ဟု သထုံခရိုင်အတွင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
စစ်ကော်မရှင်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးနေမှုကြောင့် ဘီးလင်း၊ သထုံ၊ ကျိုက်ထိုမြို့နယ်တို့မှ ကျေးရွာ ၁၅ ရွာထက်မနည်းရှိ ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရသည်။
ထွက်ပြေးတိမ်းရှောင်နေသူများသည် တောတောင်ဥယျာဉ်ခြံမြေများ၊ ယာယီစစ်ရှောင်စခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် တိမ်းရှောင်နေရသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် လတ်တလော နေထိုင်စားသောက်ရေးကို KNU အပါအဝင် စေတနာရှင် အလှူရှင်အချို့က ကူညီထောက်ပံ့ပေးနေသော်လည်း၊ အချို့ တောတောင်များတွင် တိမ်းရှောင်နေရသူများအတွက် အကူအညီ လိုအပ်နေကြောင်း ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ရွာမှာက နေလို့ မရတော့ဘူး။ သူတို့ (စစ်တပ်) လက်နက်ကြီး နေ့တိုင်းပစ်တယ်။ ရွာထဲကို ပစ်ထည့်တာ။ တစ်ခါတလေကျရင် လေယာဉ်ပျံသေးသေးလေး (ဒရုန်း) နဲ့ ပစ်တယ်။ ရွာမှာက တော်လှန်ရေးအဖွဲ့တွေ မနေဘူး၊ သူတို့ အလုပ်ရှိရင် ရွာဘက် သွားလာတာမျိုးတော့ ရှိတယ်။ အခုဆို ရွာသားနည်းနည်းက ဘုန်းကြီးကျောင်းမှာပဲ စုနေကြတယ်။ အချို့ကျတော့ ရွာထဲမနေရဲတော့ တောထဲ ပြေးသွားတာရှိတယ်“ ဟု ၎င်းက ပြောသည်။
ယခုအခါ တောတောင်ထဲ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ကာလရှည်ကြာလာပြီဖြစ်သဖြင့် အမိုးအကာ၊ ဆေးဝါးတို့အပြင် စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း စစ်ရှောင်ကူညီသူအချို့က ပြောသည်။
ထို့အပြင် စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ကရင်တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းတစ်လျှောက်တွင် နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိအခိုက် ကျဆုံးရှိနေသော်လည်း လက်နက်ခဲယမ်း အင်အားသာလွန်မှုကြောင့် တော်လှန်ရေးတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားရသည်မျိုး ရှိနေကြောင်း ဘီးလင်းအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဘက်က သူတို့စစ်ကြောင်းကို ကြားဖြတ်တိုက်တာလည်း ရှိတယ်။ သူတို့ကို ဝင်တိုက်တာလည်း ရှိတယ်။ အဓိက သူတို့ အင်အားများနေတော့ ထိလည်း ထပ်ဖြည့်ပြီး ပြန်ဝင်နေတယ်။ ဒီဘက်ကို စစ်ပန်းအောင် လုပ်နေတဲ့သဘောပဲ။ အခုထိတော့ သူတို့က ကိုယ်တွေ ထိန်းချုပ်လှုပ်ရှားနယ်မြေကို ရသွားတာ မရှိသေးဘူး။ နောက်ပြီး သူတို့က အရပ်သားပစ်မှတ်ကို ပိုပြီး တိုက်ခိုက်နေတော့ ကျွန်တော်တို့က အချို့အရပ်သား ထိခိုက်မှုများမှာစိုးလို့ ပြန်ဆုတ်လိုက်တာမျိုးတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် စစ်ကော်မရှင်တပ်က လက်နက်ကြီးအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး၊ စစ်တပ်လက်ချက်ဖြင့် တစ်လခွဲဝန်းကျင် ကာလအတွင်း သထုံခရိုင်တွင် အရပ်သား ၆ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။
