ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံးတွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ရက်တွင် ပြောကြားသည်။
ယခုပစ်ခတ်မှုသည် ဆယ်စုနှစ်များစွာအတွင်း ကနေဒါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အသေအပျောက် အများဆုံး ပစ်ခတ်မှုများထဲမှ တစ်ခုဖြစ်သည်။
ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် တန်ဘလာရိဒ် အထက်တန်းကျောင်း၌ သေနတ်သမားတစ်ဦး ပစ်ခတ်နေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ လူခြောက်ဦး သေဆုံးနေပြီး အများအပြား လူများ ဒဏ်ရာရရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း ကနေဒါ တော်ဝင်မြင်းတပ်ရဲအဖွဲ့ (RCMP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြားတစ်ဦးမှာလည်း ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့သည်။
အဆိုပါကျောင်းတွင် သတ္တမတန်းမှ ၁၂ တန်းအထိ ကျောင်းသား ၁၇၅ ဦး ရှိသည်။
သံသယရှိသူ သေနတ်သမားမှာလည်း “မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ဒဏ်ရာရရှိကာ” သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြင်းထန်သော သို့မဟုတ် အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာများရရှိသူ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားသလို အသက်အန္တရာယ် မစိုးရိမ်ရသည့် ဒဏ်ရာရရှိသူ ၂၅ ဦးခန့်ကို ဒေသတွင်း ဆေးဘက်ဆိုင်ရာဌာနတစ်ခုတွင် ကုသပေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရသော နေအိမ်တစ်လုံးတွင်လည်း နောက်ထပ် လူနှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အခြားထိခိုက်ဒဏ်ရာရသူများ ရှိ၊ မရှိ သို့မဟုတ် ယနေ့ဖြစ်ရပ်များနှင့် ပတ်သက်ဆက်နွှယ်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန် အရာရှိများသည် အခြားသော နေအိမ်များနှင့် ပိုင်ဆိုင်မှုနယ်မြေများကို ဆက်လက်ရှာဖွေနေကြသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တန်ဘလာရိဒ်သည် ကနေဒါနိုင်ငံအနောက်ပိုင်း ရော့ကီးတောင်တန်း (Rocky Mountains) ခြေရင်းတွင် တည်ရှိပြီး လူဦးရေ ၂,၄၀၀ ခန့်ရှိသည့် ကျေးလက်မြို့ငယ်လေးတစ်မြို့ ဖြစ်သည်။ အမေရိကန် နယ်စပ်မှ ၆၈၀ ကီလိုမီတာ (၄၂၂ မိုင်) ခန့် ကွာဝေးသည်။
အမေရိကန်နိုင်ငံထက် လက်နက်ကိုင်ဆောင်မှုဥပဒေ ပိုမိုတင်းကျပ်သော ကနေဒါနိုင်ငံတွင် ယခုကဲ့သို့ လူအမြောက်အမြား ပစ်ခတ်ခံရမှုမျိုးမှာ ဖြစ်တောင့် ဖြစ်ခဲအခြေအနေဖြစ်သည်။
Small Arms Research ဌာန အချက်အလက်များအရ အမေရိကန်တွင် လူ ၁၀၀ လျှင် သေနတ် ၁၂၁ လက်နှုန်း ရှိသော်လည်း ကနေဒါတွင်မူ လူ ၁၀၀ လျှင် သေနတ် ၃၅ လက်ခန့်သာ ရှိသည်ဟု ခန့်မှန်းရသည်။
