မြန်မာစစ်အုပ်စုကို ပိုမိုထိရောက်စွာ အရေးယူမည့် BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

မြန်မာနိုင်ငံတွင် ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စစ်အုပ်စုကို တာဝန်ခံမှုရှိစေရန်နှင့် စီးပွားရေးအရ ပိုမိုပိတ်ဆို့နိုင်ရန် ရည်ရွယ်သည့် BRAVE Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုလိုက်သည်။

ဤဥပဒေသည် ၂၀၂၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် BURMA Act ကို ပိုမိုအားကောင်းလာစေရန် ပြင်ဆင်ဖြည့်စွက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အဓိကဝင်ငွေလမ်းကြောင်းများနှင့် စစ်ဆင်ရေးစွမ်းဆောင်ရည်များကို တိုက်ရိုက်ပစ်မှတ်ထားထားခြင်း ဖြစ်သည်။

ယခုဥပဒေ၏ အထူးခြားဆုံးအချက်မှာ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရန်အတွက် လေယာဉ်ဆီ (Jet Fuel) ကဏ္ဍတွင် ပါဝင်ပတ်သက်နေသူများကို ပိတ်ဆို့အရေးယူရန် အမေရိကန်သမ္မတအား အာဏာအပ်နှင်းလိုက်ခြင်းဖြစ်သည်။

လေယာဉ်ဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ယင်းအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုပေးသည့် မည်သည့်နိုင်ငံခြားသား သို့မဟုတ် ကုမ္ပဏီကိုမဆို အရေးယူနိုင်ရန် နှစ်စဉ်စစ်ဆေးအစီရင်ခံရမည် ဖြစ်သည့်အပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် အခြားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းရန် သင့်၊ မသင့် သမ္မတက နှစ်စဉ်ဆုံးဖြတ်ပြီး လွှတ်တော်သို့ တင်ပြရမည် ဖြစ်သည်။

ထို့ပြင် မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုများ ပိုမိုအားကောင်းစေရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် (Special Envoy for Burma) တစ်ဦးကို သံအမတ်အဆင့်ဖြင့် အသစ်ခန့်အပ်ရန်လည်း ပြဋ္ဌာန်းထားသည်။

ယင်းသံတမန်သည် အမေရိကန်၏ မြန်မာ့အရေးမူဝါဒများ၊ လက်နက်ရောင်းချမှု တားမြစ်ခြင်းနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများကို တစ်နေရာတည်းမှ တာဝန်ယူညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

တစ်ဆက်တည်းမှာပင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကဲ့သို့သော အဖွဲ့အစည်းများတွင် စစ်ကောင်စီက အစုရှယ်ယာနှင့် အထောက်အပံ့များ တိုးမြှင့်မရရှိစေရန် အမေရိကန်ကိုယ်စားလှယ်များက ကန့်ကွက်တားဆီးသွားရန်လည်း ပါဝင်သည်။

အမေရိကန်အစိုးရအနေဖြင့် BURMA Act ၏ သက်တမ်းကို (၈) နှစ်မှ (၁၀) နှစ်အထိ တိုးမြှင့်လိုက်ခြင်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်မရမချင်း ရေရှည်ဖိအားပေးသွားမည်ဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

ဤဥပဒေသည် အရပ်သားများကို ဗုံးကြဲနေသည့် လေယာဉ်ဆီကိစ္စနှင့် စစ်အုပ်စု၏ ဘဏ္ဍာရေးလမ်းကြောင်းများကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန် ရည်ရွယ်ထားသည်။ အောက်လွှတ်တော်တွင် နှစ်ပါတီစလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်နိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်ကို ထင်ဟပ်စေပြီး အထက်လွှတ်တော်တွင် ဆက်လက်အတည်ပြုချက် ရရှိပါက စစ်ကောင်စီအတွက် ပိုမိုကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာဖွယ်ရှိနေသည်။