တရားမဝင် ရွေးကောက်ပွဲကို ဇန်နဝါရီအပြီး ပြုလုပ်မည်ဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအပြီး ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံက သိရသည်။

ယနေ့(စက်တင်ဘာ၁၁ရက်)တွင် နေပြည်တော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်၌ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ခင်မောင်ဦးက အထက်ပါအတိုင်းပြောကြားခဲ့သလို တရားမဝင်ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာ ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

“ရွေးကောက်ပွဲကို ဖြစ်အောင် လုပ်မှာကတော့ သေချာတယ်။အခုပဲ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေထဲက သူတို့ စိတ်မချတဲ့ပါတီတွေကို စရှင်းနေပြီ။ရွေးကောက်ပွဲဖြစ်လည်း တော်လှန်ရေးက အခုထက် ပိုအားကောင်းဖို့ပဲရှိတယ်။ ရွေးကောက်ပွဲဝင်တဲ့ပါတီတွေဟာ မင်းအောင်လှိုင်နဲ့ အမှုတွဲတွေပဲ။ တစ်ချိန် မှာ တရားစီရင်ရပါမယ်” ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ပြောသည်။

တရားမဝင်ရွေးကောက်ပွဲကို တစ်ပိုင်းနှင့်တစ်ပိုင်းကြား အလွန်ဆုံး ၂ ပတ်သာ ခြားမည်ဟုလည်း ခင်မောင်ဦးက ပြောသည်။

သတ်မှတ်ပါတီဝင်ဦးရေမပြည့်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) နှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမားအင်အားစုပါတီတို့ကို ဖျက်သိမ်းကြောင်း စက်တင်ဘာ ၉ ရက်တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

တရားမဝင်ရွေးကောက်ပွဲ အပိုင်း၁ကို ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်တွင် ပြုလုပ်မည်ဟု သိရသည်။