ဝမ်းတွင်းမြို့နယ်တွင် စစ်ကော်မရှင်က အသက်အရွယ်မရွေး နေ့စဉ်ရက်ဆက် ပေါ်တာဆွဲနေ

ဓာတ်ပုံ-လူမှုကွန်ရက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်က စစ်မှုထမ်းရန်အတွက်ဟုဆိုကာ ပြည်သူများကို နေ့စဉ်နှင့်အမျှ ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း၌ပင် ဝမ်းတွင်းမြို့နယ်အနှံ့အပြားမှ ဒေသခံပြည်သူ ၃၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရကြောင်း Voice of Wundwin အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကော်မရှင်သည် ဖမ်းဆီးရာတွင် အသက်အရွယ် ကန့်သတ်ချက်မထားဘဲ အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် လူငယ်များမှစ၍ အသက် ၃၆၊ ၃၇ နှစ်အရွယ် လူလတ်ပိုင်းများအထိ မရွေးချယ်ဘဲ ဖမ်းဆီးနေခြင်းဖြစ်သည်။

“ခုတလော တော်တော်လေးကို ဆွဲနေတာဗျ။ အသက်မရွေးဘူး၊ လူငယ်တွေလည်း ရွာမှာ သိပ်မရှိတော့ဘူး။ တချို့ကတော့ ဘေးလွတ်ရာ နယ်ဝေးတွေကို ထွက်ပြေးပြီး ရရာအလုပ် လုပ်နေကြရတယ်” ဟု Voice of Wundwin အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောကြားသည်။

လက်ရှိရရှိထားသော အချက်အလက်များအရ ဖမ်းဆီးခံရသူများမှာ ပျားစွဲရွာမှ ၈ ဦး၊ ခင်ကြီးရွာမှ ၆ ဦး၊ ဆပ်ခင်းရွာမှ ၅ ဦး (လယ်ကွင်းထဲ ကြွက်ထိုးနေသူ ၂ ဦးအပါအဝင်)၊ တောင်ဘိုရွာမှ ၄ ဦး၊ လိပ်တက်ရွာမှ ၂ ဦး၊ ထနောက်ကုန်းရွာမှ လူငယ် ၂ ဦး၊ ဖလန်ကန်ရွာမှ ၂ ဦးတို့ ဖြစ်ကြသည်။

ထို့ပြင် ခံတောရွာ၊ လိန်ပင်ရွာ၊ သိမ်တောင်အတက်ရှိ နေအိမ်တစ်အိမ်နှင့် လျောပင်ဈေးအတွင်းရှိ ခရမ်းချဉ်သီးသည် တစ်ဦးစီတို့လည်း ဖမ်းဆီးခံခဲ့ရပြီး၊ ဖမ်းဆီးခံရသူများအနက် ခံတောရွာမှ အမျိုးသားတစ်ဦးမှာ ငွေကျပ် ၆၅ သိန်းဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသော်လည်း ကျန်ရှိသူများမှာမူ မိတ္ထီလာမှတစ်ဆင့် ရှမ်းပြည်နယ်ရှိ စစ်သင်တန်းကျောင်းများသို့ ညတွင်းချင်း အပို့ခံခဲ့ရကြောင်း သိရသည်။

စစ်ကော်မရှင်သည် စစ်မြေပြင်တွင် အင်အားပြုန်းတီးမှုများပြားလာခြင်းကို အစားထိုးရန်အတွက် ကျေးလက်ဒေသရှိ အခြေခံလူတန်းစားများကို အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းတို့ကို ဗြောင်ကျကျ လုပ်ဆောင်လာနေခြင်းဖြစ်လည်းဖြစ်သည်။

ဝမ်းတွင်းမြို့နယ်ကဲ့သို့ စိုက်ပျိုးရေးကို အဓိကအားထားရသည့် ဒေသတွင် အသက်အရွယ်မရွေး ဖမ်းဆီးနေခြင်းမှာ ဒေသခံတို့၏ လူမှုစီးပွားဘဝကို ဖျက်ဆီးရုံသာမက ဖမ်းဆီးရမိသူများကိုလည်း ငွေညှစ်ရန် သို့မဟုတ် လူသားဒိုင်းအဖြစ် အသုံးချရန် ရည်ရွယ်နေခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဒေသတွင်း သတင်းလှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အထူးသတိထားရန် လိုအပ်သည့် အခြေအနေ ဖြစ်နေသည်။