မလှိုင်မြို့နယ်တွင် ပျက်စီးနေသည့် လျှပ်စစ်ဓာတ်ကြိုးများ ပြန်ပြင်မည်ဟု အကြောင်းပြကာ စစ်တပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံများ၏ ပိုင်ဆိုင်မှုများကို လုယူမှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက မြင်းခြံခရိုင်အတွင်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်နေ့မှစတင်ကာ မြင်းခြံလျှပ်စစ်ဓာတ်အားခွဲရုံမှ တဆင့် မလှိုင်မြို့နယ်သို့ ပေးပို့သည့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း လူထုသတင်းကွန်ရက်-မလှိုင်မြို့က ဖော်ပြထားသည်။
“လျှပ်စစ်မီးက ဩဂုတ် ၂၇ရက်မှာ ပြန်ရနေပြီ။ လျှပ်စစ်ရုံးကလည်း အထက်အမိန့်အရပါဆိုပြီး ညနေ ၆ နာရီကနေ ၉ နာရီအထိပဲ ပေးတယ်။ တစ်ခါတလေဆို နောက်ကျမှ မီးပေးတယ်။ ရွာတွေဘက်ဆို မီးမရကြသေးဘူး။ အခုကလည်း လျှပ်စစ်မီးအကြောင်းပြပြီး စစ်ကြောင်းထိုးနေတာ ” ဟု မလှိုင်မြို့နယ်အတွင်း နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှစ၍ စစ်ကော်မရှင်တပ်က မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာမြောက်ဘက်ရှိ မလှိုင် – တောင်သာ – မြင်းခြံ 330KV ဓာတ်အားလိုင်းများ ပြင်ဆင်ရန်ဟုဆိုကာ ပန်းအိုင်ကျေးရွာအပါအဝင် မကျည်းကုန်း၊ ဆုံတွင်း၊ ကံဦး၊ ထနောင်းကျင်း၊ ကူကြီးနှင့် သီးပင်ကုန်းကျေးရွာတို့တွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များအတွင်းသို့ ဝင်ရောက်စစ်ဆေးခြင်း၊ လက်ကိုင်ဖုန်းများကို သိမ်းဆည်းခြင်းနှင့် တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“စစ်ကော်မရှင်တပ်က ပန်းအိုင်ကို တိုက်ရိုက်မလာဘဲနဲ့ မြို့မြောက်ဘက်ကနေ ကွေ့ပတ်ပြီးလာတာ။ အခု ပန်းအိုင်ရွာထဲက လူတွေကို ဖယ်ခိုင်းနေပြီလို့ ကြားတယ်။ ပန်းအိုင်ကျောင်းကြီးကိုလည်း ပိတ်လိုက်ပြီ။ ရွာထဲက ငွေကြေးချမ်းသာသူတွေက စစ်ကြောင်းလာနေပြီ အသံကြားတာနဲ့ ရှောင်ကြတာ။ ပန်းအိုင်ရွာမှာ စစ်တပ်အထိုင်ချမယ်လို့လည်း ကြားနေရတယ်” ဟု စစ်ရှောင်နေသည့် ပန်းအိုင်ကျေးရွာသားတစ်ဦးက ဆိုသည်။
မလှိုင်မြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်းပိုင်းပေါ်ရှိ ဝါးခွ၊ ရွှေပေါ်ကျွန်း၊ လက်စွေ့စသည့် ကျေးရွာကြီးများအပါအဝင် လမ်းဘေးဝဲယာရှိ ကျေးရွာများကို စစ်ကော်မရှင်စစ်ကြောင်းများ ဝင်ရောက်၍ အရပ်သားပြည်သူများ၏ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်ခြင်း၊ တိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်က မလှိုင်မြို့ပေါ်ရှိ ရွှေမုဌော၊ ကုန်းတော်၊ ထီးဆောင်းကြီးဘုရားတို့တွင် တပ်စွဲနေထိုင်လျက်ရှိနေပြီး ပန်းအိုင်ကျေးရွာအနီး၊ တောင်သာ – မလှိုင်လမ်းမပေါ်ရှိ မြစ်ကျင်းကားဂိတ်တွင်လည်း လမ်းပိတ်ထားကြောင်း သိရသည်။
“မြစ်ကျင်းနဲ့ ပန်းအိုင်ရွာက ကြားထဲမှာ ပေလမ်းဘဲ ခြားတယ်။ ပန်းအိုင်ရွာတကြောမှာ PDF တွေ ရှိနိုင်တယ်ဆိုပြီး စစ်တပ်က စစ်ကြောင်းထိုးဝင်နေတာ။ ပန်းအိုင်က မြင်းခြံ – ရန်ကုန်လမ်းမကြီးပေါ်ရှိတဲ့ စံပြကျေးရွာကြီးလည်းဖြစ်တယ်။ စစ်တပ်ထိုင်လိုက်ရင် ခရီးသွားကားတွေ၊ ကုန်ကားတွေအတွက်က အဆင်မပြေတော့ဘူး။ တောင်သာ၊ မြင်းခြံတို့ဘက်ကို ကုန်အဝင်အထွက်နည်းသွားနိုင်တယ်” ဟု အသက် ၄၀ နှစ်အရွယ် ကုန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီလ၌ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မလှိုင်မြို့အရှေ့ဘက်ရှိ သိမ်ကုန်းကျေးရွာနှင့် မိတ္ထီလာ – မလှိုင်လမ်းပိုင်းရှိ ကိုစာကြီးလမ်းခွဲအပါအဝင် မလှိုင်မြို့အနောက်ဘက်၊ မလှိုင် – တောင်သာလမ်းပိုင်းရှိ ရေနီ၊ ရေထွက်၊ မြစ်ကျင်း၊ ပန်းအိုင်၊ ကံကလေး၊ သဖန်းကန်၊ ရေခါးနှင့် ပေါက်ကံကျေးရွာတို့တွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းမှုများလည်း လုပ်ဆောင်ခဲ့သည်။
မလှိုင်မြို့နှင့် ၂၂ မိုင်သာ ကွာဝေးသည့် မိတ္ထီလာမြို့တွင်လည်း စစ်ကော်မရှင်တပ်၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ အမြောက်တပ်ရင်းများ၊ သံချပ်ကာတပ်ရင်းများ၊ လေကြောင်းနှင့် မြေပြင် အတက်သင်လေတပ်စခန်း (လမသ)၊ အမြောက်တပ်ရင်းများ၊ ကုတင် ၅၀၀ ဆန့် စစ်ဆေးရုံနှင့် ရဲသင်တန်းကျောင်းများတည်ရှိနေပြီး၊ စစ်ကောင်စီတပ် အားကောင်းရာ ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။
