လက်ရှိ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် စစ်ကော်မရှင်က ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဝန်းရံခြင်းဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) က ယနေ့(စက်တင်ဘာ ၁၁ရက်)တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများသည် စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းသည်သာ အဖြေမှန် ရှာဖွေနိုင်မည်ကို ယုံကြည်ကြောင်း DKBA က ဆိုထားသည်။
ထို့ကြောင့် စစ်ကော်မရှင်ကပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲသည် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ကိုယ်စားလှယ် ရွေးချယ်ခြင်းဖြစ်သဖြင့် ပြည်သူများအား အတတ်နိုင်ဆုံး ဝန်းရံပံ့ပိုးကူညီသွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခုကဲ့သို့ စစ်ကော်မရှင် ရွေးကောက်ပွဲကို ဝန်းရံမည့် ကိစ္စနှင့် ပတ်သက်ပြီး DKBA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောစိန်ဝင်းကို ဆက်သွယ်ထားသော်လည်း ပြန်လည်ဖြေကြားမှုမရှိသေးပေ။
ထို့ပြင် စစ်ကော်မရှင်ရွေးကောက်ပွဲကို DKBA အပြင် ကရင်နယ်ခြားစောင့်တပ်(BGF)ကလည်း ကူညီသွားမည်ဟု ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သေးသည်။
စစ်ကော်မရှင်ရွေးကောက်ပွဲသည် တရားဝင်မှုမရှိခြင်း၊ ပါတီများပါဝင်မှု ကန့်သတ်ခြင်း၊ လုံခြုံရေး၊ စစ်ပွဲများ နှင့် မဲဆန္ဒရှင်များ၏ လွတ်လပ်စွာ ဆုံးဖြတ်မှုအားနည်းခြင်းများကြောင့် ပြည်တွင်းပဋိပက္ခကို မချုပ်ငြိမ်းစေဘဲ ပိုမိုရှုပ်ထွေးစေနိုင်သောကြောင့် ကန့်ကွက်သင့်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ဆိုထားသည်။
နိုင်ငံအချို့အနေနှင့် စစ်အုပ်စု၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ်ရှုမြင်ကာ ယုံကြည်ကိုးစားမှုမပြုကြရန် NUGအစိုးရက စက်တင်ဘာ ၉ရက်တွင် သတိပေးထားသေးသည်။
