ဓမ္မသီချင်းကို ကလပ်တွင် DJ တီးခဲ့သည့် Violet ဝေဖန်ခံရမှုများနှင့် ရင်ဆိုင်နေရ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-သံဃနာယကအဖွဲ့ကိုတောင်းပန်နေသည့် Violet

ရန်ကုန်မြို့ရှိ ညကလပ်များ၊ ဘားများတွင် DJ တီးခတ်သော ‌DJ Violet(ခင်ထွေးထွေးမွန်)သည် အဆိုတော် ပိုးအိစံ သီဆိုထားသော “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဓမ္မသီချင်းကို ကလပ်တစ်ခုတွင် DJ တီးခတ်ခဲ့သဖြင့် ဝေဖန်ခံရမှု အများအပြားဖြင့် ရင်ဆိုင်နေရသည်။

အဆိုပါ ဓမ္မတေးသီချင်းဖြင့် DJ တီးနေသော Violet ၏ ရုပ်သံဗီဒီယိုဖိုင်သည် ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ပျံ့နှံ့လာခဲ့ပြီးနောက် ဆိုရှယ်မီဒီယာ အသုံးပြုသူများက ပြစ်တင်ပြောဆိုဝေဖန်ခဲ့ကြသည်။

“ဒီသီချင်းက မနက်ပိုင်း အိမ်တွေမှာ ဓမ္မတေးအနေနဲ့ ဖွင့်နေကြတဲ့ ဘုရားပူဇော်တဲ့သီချင်းမျိုး။ ဒါကို ကလပ် မှာ DJ တီးတာက စော်ကားလိုက်တာနဲ့ အတူတူပဲ။ ကျမလည်း ခေတ်လူငယ်ပါပဲ ဘာသာရေး အမြင်ကျဉ်း တဲ့အထဲလည်း မပါဘူး။ ဒါပေမယ့် ဘုရားပူဇော်တဲ့ သီချင်းကို DJ တီးတာကိုတော့ ရှုတ်ချတယ်” ဟု ရန်ကုန် မြို့ တွင် နေထိုင်သော အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များကလည်း ဗုဒ္ဓဘာသာဝင်များ၏ သရဏဂုံသုံးပါး ဘုရားစာ ကို ကလပ်တွင် DJ တီးခဲ့သော Violet ကို တရားစွဲ၊ အရေးယူရန် လှုံ့ဆော်တိုက်တွန်းထားကြ သည်။

စစ်တပ်ထောက်ခံသော ပေါက်ကိုယ်တော် ဘုန်းကြီးက DJ Violet ကို တရားစွဲအရေးယူရန် သူ၏ Tiktok တွင် တင်ထားသည်။

“ကျောင်းမှန်း ကန်မှန်းသိအောင် ဦးဇင်းတို့ တရားစွဲရမယ်။ ရန်ကုန်က မျိုးချစ်ရဟန်းသမဂ္ဂအဖွဲ့နဲ့ အမျိုးသား ရေးအဖွဲ့ကို ဦးဇင်း ပိုက်ဆံအကုန်အကျခံမယ်။ လုပ်စရာရှိတာ ဆက်လုပ်ကြ၊ တရားစွဲစရာရှိတာစွဲ” ဟု Tik Tok တွင် ပေါက်ကိုယ်တော်က ရုပ်သံဖိုင်တင်ထားသည်။

ဝေဖန်ခံရမှုများစွာနှင့် ရင်ဆိုင်နေရသော DJ Violet က သူ၏ လုပ်ရပ်အပေါ် တောင်းပန်ကြောင်း ဖေ့ဘွတ်ခ် တွင် ပို့စ်တင်ရေးသားထားသည်။

“ တကယ်အနူးအညွန့်တောင်းပန်ပါတယ်။ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူးရှင့်။ အနူးအညွန့် ညိုးငယ် စွာနဲ့ဝန်ချကန်တောတောင်းပန်အပ်ပါတယ်။ တောင်းပန်တဲ့ စကားလုံးထက်ကောင်းတဲ့ စကား ရှိရင်လဲ ပြောပီးတောင်ပန်ချင်ပါတယ်။ စိတ်အနှောက်ယှက်ပေးမိ့ခဲ့လိုလဲ တောင်းပန်ပါတယ်နော်။ ကိုယ်ကိုတိုင် ဗုဒ္ဓဘာသာ ဖြစ်နေပါလျက်နဲ့ သတိမပြုမိ့ဘဲ လုပ်မိ့တဲ့ အမှားအတွက် အားလုံးကိုအနူးအညွန့် တောင်းပန်ပါတယ်ရှင်။ နှောက်နောင် အဲ့လိုအမှားမျိုးမဖြစ်အောင် ဆင်ခြင်ပါ့မယ်ရှင့်” ဟု DJ Violet က ရေးတင်ထားသည်။

DJ Violet က ထိုသို့ ဖေ့ဘွတ်ခ်၌ ပို့စ်တင်၍ တောင်းပန်ခဲ့သော်လည်း ဆိုရှယ်မီဒီယာသုံးစွဲသူ အများအပြားသည် သူမကို ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဆဲဆိုမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

DJ Violet(ခင်ထွေးထွေးမွန်)က စက်တင်ဘာ ၁၁ရက်တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ် သံဃနာယကအဖွဲ့ထံ သွား၍ သူမ၏ အပြုအမူအတွက် ဝန်ချတောင်းပန်ထားပြီး သံဃာတော်များက ခွင့်လွှတ်ကြောင်း စာရေးသားထုတ်ပြန်ထားသည်။

အဆိုပါ စာထဲတွင် “တပည့်တော်မ၏ အပြုအမူများသည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ စိတ်နှလုံးကို ထိခိုက်စေခဲ့ကြောင်း သိရသဖြင့် များစွာ စိတ်မကောင်းဖြစ်မိကြောင်း၊ ရှက်ဖွယ်ရာအပြုအမူအတွက် နောင်တရမိကြောင်း စာရေးသား၍ တောင်းပန်ထားသည်။

“ဒီနိုင်ငံမှာ ဘာသာရေးက အကဲဆတ်တယ်။ ကျန်တဲ့အချိန်မှာ မညီညွတ်ရင်နေမယ်။ ဘာသာရေးဆိုတာနဲ့ တညီတညွတ်ထဲ ရှိကြတယ်။ အရင်ကလည်း ဘာသာရေးအကဲဆတ်မှုတွေကနေ ပဋိပက္ခတွေဖြစ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိဖူးတယ်လေ။ ကျတော်တစ်ဦးထဲရဲ့ အမြင်သက်သက်နဲ့ ပြောရရင် ဘုရားသီချင်းကို DJ တီး တာကိုလည်း မနှစ်မြို့ဘူး။ ရှုတ်ချတယ်။ အဲ့ဒီလို တီးတဲ့ မိန်းကလေးကို လိုင်းပေါ်ကနေ လူအုပ်လိုက်ကြီးက ဆဲကြ ဆိုကြနဲ့ တအုန်းအုန်းဖြစ်နေတာကိုလည်း ရှုတ်ချတယ်” ဟု အဆိုပါဖြစ်စဉ်အား လေ့လာစောင့်ကြည့် နေသည့် အမည်မဖော်လိုသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှီ ကျောင်းတိုက်တစ်ခုတွင် သီတင်းသုံးပြီး Tik Tok ဆော့နေသော ဘုန်းကြီးတစ်ပါးကို စစ်အုပ်စုနှင့် သံဃနာယကအဖွဲ့က ကျောင်းတိုက်အတွင်း ဝင်ရောက် ဖမ်းဆီး၍ လူဝတ်လဲခဲ့ဖူးသည်။