မောတောင် ပြန်သိမ်းရေးစီမံချက် အခြေမလှသဖြင့် ပြည်သူ့နေအိမ်များကို စစ်တပ် မီးရှို့နေ

ဓာတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်
ပုံစာ- တနင်္သာရီမြို့နယ်၊ လယ်သယ်ရွာကို စစ်တပ် မီးရှို့နေစဉ်။

ထိုင်း-မြန်မာ နယ်စပ်မြို့ မောတောင်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကြောင်းထိုးနေသော် လည်း ရှေ့မတိုးနိုင်သဖြင့် ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းတော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၃ရက်တွင် တနင်္သာရီမြို့နယ်၊ လယ်သယ်ရွာရှိ ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်က သတင်းထုတ် ပြန်မှုအပေါ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မောတောင်ကို ကေအဲန်ယူက သိမ်းထားတာ မနှစ်ကတည်းက။ အဲဒါကို မောင်တောပြန်ရဖို့ တနင်္သာရီကနေ မောတောင်လာတဲ့ လမ်းကို သူတို့ထိုး(စစ်ကြောင်းထိုး)နေတာ အခုချိန်ထိ သိန်ခွန်း ရွာမှာပဲ ရပ်နေတယ်။အခု မီးရှို့တဲ့တပ်က သိန်ခွန်းကိုလာတဲ့တပ်။အင်အားဖြည့်ဖို့လာ တာလား၊လူ ချိန်းဖို့လားတော့ မပြောတတ်ဘူး”ဟု ၎င်းက MPAသို့ပြောသည်။

စစ်တပ်သည် တော်လှန်ရေးတပ်တို့၏ စောင့်တိုက်ခြင်းခံနေရသ ဖြင့် သိန်ခွန်းရွာအနီးဝန်းကျင်မှာပင် အထိနာနေကြောင်း သိရသည်။

“ရွာမီးရှို့တယ်၊ပစ္စည်းလုတယ်ဆိုတာက စစ်တပ်က ရွာမြင်ရင် လုပ်တာချည်းပဲ။ သူတို့ အတိုက်ခံထား ရပြီဆိုရင် ပိုလုပ်လေ့ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၂၅ခုနှစ်၊နိုဝင်ဘာ၁၄ရက်တွင် တနင်္သာရီမြို့နယ်၊မောတောင်မြို့ကို ကေအဲန်ယူပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သုံ့ပန်း၄၀ကျော်နှင့် လက်နက်ကြီး၊လက်နက်ငယ်များ သိမ်းဆည်းရမိခဲ့ သည်။

စာတည်း-ML