တောင်သာတွင် မင်းအောင်လှိုင်တပ် အမျိုးသမီးများကို မုဒိမ်းကျင့်

ဓာတ်ပုံ - တောင်သာမြို့နယ်ပကဖ
ပုံစာ - တိုက်ပွဲဝင် ပကဖရဲဘော်တစ်ဦး။(ပုံဟောင်း)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်တပ်က ဓားစာခံအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ကြောင်းသိရသည်။

ယနေ့(စက်တင်ဘာ ၁၁ရက်)တွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာသို့ ရောက်‌ရှိနေသည့် စစ် ကြောင်း သည် ပြည်သူ၃၀ခန့်ကို ဓားစားခံအဖြစ် ဖမ်းဆီးထားပြီး ၎င်းတို့အထဲမှ အမျိုးသမီးအချို့ အား မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ တောင်သာအလင်းတန်းထံက သိရသည်။

” ရုံးစည်ကြီး မိန်းကလေး‌တွေဖမ်းဆီးမုဒိမ်းကျင့်ခံရတယ်ဗျ။ အဲ့ထဲက တစ်ယောက် ဆူဆိုက် (သတ်သေ) လုပ်တယ်လို့ ကြားပေမဲ့ အတည်ပြုလို့မရသေးလို့ပါ။ ရုံးစည်ကြီးမှ မိန်းကလေး ၈ဦး မုဒိမ်းကျင့်ခံရတာ။စုပေါင်း ၃၀ လောက် အဖမ်းခံရတယ်ဗျ။ ပျောက်နေတာတွေလည်းရှိတယ်။ အဲ့ရွာက အိမ်ခြေများတယ်။ အများစုကပြေးတယ်။ မပြေးတဲ့လူတွေခံရတာ။” ဟု တောင်သာအလင်း တန်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ရုံစည်ကြီးရွာသည် နေအိမ် ၁၀၀၀ ဝန်းကျင်ရှိသည့် ရွာကြီးဖြစ်သည်။

ယင်းစစ်ကြောင်းသည် စက်တင်ဘာ ၈ရက်က မလှိုင်မြို့နယ်ဘက်မှ ထွက်လာပြီး ရုံစည်ကြီးရွာ ရဲ စခန်းရှိ စစ်အုပ်စုဝင်များနှင့်ပေါင်းကာ အင်းအား ၃၀၀ကျော်ဖြင့် ရွာအတွင်းနေရာအနှံ့ ဖြန့် နေကြ ကြောင်းသိရသည်။

” မလှိုင်ကခွေးတွေ အဲ့ကို(ရုံးစည်ကြီး)စစ်ကြောင်းထိုးပြီး လာပေါင်းတာ။ ၉ ရက်နေ့မှာ တောင်သာ နယ် ဘက် စဝင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့တွင် ရုံးစည်ကြီးရွာ မြောက်ချိုင်းရပ်နှင့် သန်းတန်းရွာကို မီးရှို့ဖျက်ဆီးထားပြီး ပျက်စီးမှုကို မသိရှိရသေးပေ။

စက်တင်ဘာ ၁၀ရက်က တောင်သာနယ်ထဲ ဝင်လာသည့် ယင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက ‌ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ သေဆုံးထိခိုက်မှု များခဲ့ပြီး တောင်သာမြို့နယ်ပကဖမှ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်းသိရသည်။

” ၁၅ကောင်(စစ်သား)မျက်မြင်သေတယ်။အတည်မပြုနိုင်သေးဘဲ နားကြားသတင်းအရ ၄၀ လောက် သေတယ်လို့လည်းပြောတယ်။အဲ့ဒါဖြစ်နိုင်တယ်။ အထိနာလို့ မိတ္ထီလာကနေ အများကြီးဆင်းလာတာ။ ဒီဘက် (PDF)က ၂ ယောက်ကျတယ်” ဟု ၎င်းကပြောသည်။

ယင်းစစ်ကြောင်းကြောင့် ရုံစည်ကြီးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ရွာမှ ဒေသခံ ၅၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။