ရုရှား ဒရုန်း ကျူးကျော်မှုကိစ္စ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးမည်ဟု ပိုလန်ပြောကြား

ဓာတ်ပုံ - Getty Images

ရုရှား၏ ဒရုန်းများ ကျူးကျော်ဝင်ရောက်ခြင်းသည် ပိုလန်နိုင်ငံနှင့် နေတိုး၏ တုံ့ပြန်မှုကို စမ်းသပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ပိုလန်သမ္မတက မှတ်ယူခဲ့ပြီး အဆိုပါကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပမည်ဟု ပိုလန်က ယနေ့ ထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၁၀ ရက်နေ့က ပိုလန်လေပိုင်နက်ကို ချိုးဖောက်ခဲ့သည်ဆိုသော ရုရှားဒရုန်းများကို ပစ်ချပြီးနောက် ပိုလန်သည် ဘယ်လာရုစ်နှင့် ယူကရိန်းတို့နှင့် ထိစပ်နေသော ၎င်း၏အရှေ့ဘက်နယ်စပ်တစ်လျှောက် ဒရုန်းပျံသန်းမှုများကို တားမြစ်ခဲ့ပြီး လေယာဉ်အသေးစာများ သွားလာမှုများကိုပါ ကန့်သတ်ခဲ့သည်။

ဒရုန်းများကို ပစ်ချခဲ့သည့် ပိုလန်ကို နေတိုးမဟာမိတ်များက ထောက်ခံခဲ့ကြသည်။ ယူကရိန်း စစ်ပွဲတွင် ရုရှား၏ ကျူးကျော်မှုကို နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ပထမဆုံးအကြိမ် ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရုရှားက ပိုလန်ရှိ မည်သည့်ပစ်မှတ်ကိုမှ ထိမှန်စေရန် ရည်ရွယ်ခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး ၎င်းအဖြစ်အပျက်နှင့် ပတ်သက်၍ နောက်ထပ်မှတ်ချက်ပေးမည်မဟုတ်ကြောင်းလည်း ပြောထားသည်။

နေတိုးစစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ရုရှားဒရုန်းကျူးကျော်ဝင်ရောက်မှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဟုတ်မဟုတ်ကိုမူ မသိရသေးကြောင်း ပြောကြားခဲ့သည်။

သို့သော် ယင်းဖြစ်ရပ်က ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်ရန် နေတိုးအဖွဲ့၏ အသင့်ရှိမှုနှင့် ပတ်သက်၍ မေးခွန်းများ ဖြစ်ပေါ်စေခဲ့ပြီး ရုရှားနှင့် တင်းမာမှုများကို မြင့်တက်စေကာ အချို့သော အနောက်တိုင်းခေါင်းဆောင်များက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန်နှင့် ယူကရိန်း၌ ငြိမ်းချမ်းရေးကြိုးပမ်းမှုအပေါ် ၎င်း၏ကတိကဝတ်ကို မေးခွန်းထုတ်ရန်ပါ တွန်းအားပေးခဲ့သည်။

“စစ်ဗိုလ်ချုပ်တွေနဲ့ ကျွန်တော်တို့ စစ်သားတွေ ကောင်းကောင်းသိထားတဲ့အတိုင်း ဒီရုရှားရဲ့ ရန်စမှုဟာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်၊ ကျွန်တော်တို့ (ပိုလန်) ရဲ့ တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်ဖို့ ကြိုးပမ်းမှုသက်သက်ပါပဲ” ဟု ပိုလန်သမ္မတ ကာရို နာရော့ကီက စက်တင်ဘာ ၁၁ ရက်နေ့တွင် စစ်သားများကို ပြောကြားခဲ့သည်။

“ဒါဟာ တုံ့ပြန်ဖို့၊ မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့အတွင်းမှာရှိတဲ့ လုပ်ငန်းစဉ်ယန္တရားကို စမ်းသပ်ဖို့နဲ့ ကျွန်တော်တို့ရဲ့ တုံ့ပြန်ဖို့ အသင့်ရှိမှုတို့ကို စမ်းသပ်တဲ့ ကြိုးပမ်းမှုနဲ့ ရန်စမှုတစ်ခုပါ” ဟုလည်း ၎င်းက ဆိုသည်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့အစိုးရ၏ တောင်းဆိုမှုအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ကျင်းပမည်ကိုမူ ပြောကြားခြင်းမရှိပေ။

ကုလသမဂ္ဂက ချက်ချင်းမှတ်ချက်ပေးခြင်းမရှိသော်လည်း သံတမန်များ၏ စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားချက်အရ စလိုဗေးနီးယား၊ ဒိန်းမတ်၊ ဂရိ၊ ပြင်သစ်နှင့် ဗြိတိန်တို့က လုံခြုံရေးကောင်စီကို စက်တင်ဘာ ၁၂ ရက်နေ့တွင် အစည်းအဝေးကျင်းပရန် တောင်းဆိုခဲ့သည်။

“ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ရုရှားရဲ့ ဒီလိုမကြုံစဖူး ဒရုန်းတိုက်ခိုက်မှုအပေါ် ကမ္ဘာကစောင့်ကြည့်နေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ရာဒိုဆလော့ ဆီကိုစကီက ပြောကြားခဲ့သည်။

စက်တင်ဘာ ၉ ရက်ညမှ ၁၀ ရက်နေ့အထိ ပိုလန်လေပိုင်နက်အတွင်း မောင်းသူမဲ့လေယာဉ်များကို ပစ်ချသည့် စစ်ဆင်ရေးတွင် ပိုလန်၏ F-16 တိုက်လေယာဉ်များ၊ ဒတ်ခ်ျ၏ F-35 များ၊ အီတလီ၏ AWACS စောင့်ကြည့်လေယာဉ်များနှင့် နေတိုး၏ လေထဲတွင် ဆီဖြည့်နိုင်သော လေယာဉ်များ ပါဝင်ခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။