မွန်ပြည်နယ်၊ရေးမြို့နယ်အတွင်း စစ်တပ်ထဲမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားတစ်ဦးနှင့် ၎င်း၏ ဇနီးကို ဖမ်းဆီးမိခဲ့ကြောင်း ရေးဘီလူးက သတင်းထုတ်ပြန်သည်။
တနင်္သာရီတိုင်း၊ မြိတ်မြို့ ၊ ကားဝပ်ရှော့ဆိုင်တစ်ဆိုင် အလုပ်လုပ်နေစဉ် စစ်တပ်၏ ပေါ်တာဆွဲခြင်း ခံခဲ့ရကာ စစ်မှုထမ်းသင်တန်း တစ်လခွဲကြာ တက်ရောက်ပြီးနောက် ရေးမြို့နယ် ၊ ကျောင်းရွာအခြေ စိုက် ခမရ ၅၉၁၌ တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သားရဲမြတ်ဝင်းနှင့် ဇနီးကို ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက ရုပ်သံမှတ်တမ်း ထုတ်ပြန် ခဲ့သည်။
“Video ထဲပါတာက သူ့အမျိုးသမီးပါ။ သူ့အမျိုးသမီးအခြေအနေကိုတော့ အတည်မပြုရသေးပါဘူး။ ကျနော်တို့က ဖြစ်တည်မှုရှိခဲ့သူကိုပဲမေးခွင့်ရှိတာပါ။ သူ့ထွက်ဆိုချက်အတိုင်းပါပဲ။ ကျန်တာတွေက ဆက်လက်မေးမြန်းရဦးမှာပါ”ဟု ရေးဘီလူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ဖမ်းဆီးရမိခဲ့သည့် စစ်မှုထမ်းတပ်သားသည် ခမရ ၅၉၁ ၌ တစ်လကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက် ရေးမြို့နယ် အခြေစိုက် အမတ ၂၉၉ နှင့် ရန်ကုန်မြို့တို့၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထို့နောက် ခမရ ၅၉၁ သို့ပြန်လည်ရောက်ရှိပြီး တစ်လခန့်အကြာတွင် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်းအရ သိရသည်။
ယင်းတပ်သားထွက်ပြေးခဲ့ခြင်းနှင့် ပတ်သက်၍”ကိုယ့်ဘာသာကို ပြေးလာတာ။ ကိုယ့်ဘာသာကိုယ် ပြေးပြီးတော့ မင်းတို့ကောင်တွေ ဒီတစ်နေရာကို ငါတို့နယ်မြေထဲကို ရောက်လာတယ်။ငါတို့ဆိုလိုချင် တဲ့ အဓိပ္ပာယ်က မင်းတို့အခုလိုမျိုး ပြေးလာပြီဆိုတော့ ဘာမှတော့ရှော့ခ်မရှိဘူး။ ဘာလို့လဲဆို မင်းတို့က တစ်ဖက်မှာ တာဝန်မထမ်းဆောင်ချင်လို့ ပြေးလာခဲ့တာ။ ဒါကို ငါတို့လက်ခံပေးတယ်။ နောက်တစ်ခုက ယုံကြည်မှုတစ်ခုအနေနဲ့ ငါတို့ နယ်မြေနယ်နိမိတ်ထဲမှာ ဒီလိုမျိုး အပြင်လူတစ် ယောက်လိုမျိုး သာမန်လို ပြန်နေလိုက်လို့တော့ မရဘူး။ ဘာလို့လဲဆို သဘောတရားက ရှိတယ်။သုံ့ ပန်းတွေရှိတယ်။ငါတို့ ချိတ်ဆက်မှုတွေအကုန်လုံးနဲ့ ပြုလုပ်ပြီးမှ ရောက်လာခဲ့တယ်ဆိုရင်တော့ ပုံစံ တစ်မျိုးပေါ့။အခုပုံစံမျိုး ဖြစ်တာကတော့ ငါတို့က ဖမ်းမိတာ။ ဖမ်းမိတဲ့ ပုံစံမျိုးဖြစ်တာ။ ဘာေကြာင့် လဲဆိုတော့ ချိတ်ဆက်မှုတစ်ခုမလုပ်ဘူး။ မလုပ်ဘဲ ငါတို့နယ်နိမိတ်ထဲကို ရောက်လာတယ်”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရုပ်သံမှတ်တမ်းတွင် ပြောကြားထားသည်။
ဖမ်းဆီးရမိသည့် စစ်မှုထမ်းတပ်သားသည် မြိတ်မြို့ဇာတိဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ဖြစ်ကြောင်း သိရသည်။
