ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရခေါင်းဆောင် ယူနွတ်စ် ရွေးကောက်ခံ အစိုးရသစ်ကို အာဏာလွှဲပြောင်း

ဓာတ်ပုံ- Yenişafak English AA
ပုံစာ - ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ Gulshan Model School မဲရုံတွင် မဲပေးပြီးနောက် ယာယီအစိုးရ အဓိကအတိုင်ပင်ခံပုဂ္ဂိုလ် မူဟာမက် ယူနွတ်စ် ထောက်ခံသူများကို လက်ပြနှုတ်ဆက်နေစဉ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယာယီအစိုးရခေါင်းဆောင် မူဟာမက် ယူနွတ်စ်က ဖေဖော်ဝါရီ ၁၆ ရက် နေ့တွင် ရွေးကောက်ခံ အစိုးရသစ်ထံ အာဏာလွှဲပြောင်းကာ ရာထူးမှ နုတ်ထွက်ခဲ့သွားသည်။

“ဒီနေ့မှာ ယာယီအစိုးရဟာ တာဝန်ကနေ အနားယူတော့မှာဖြစ်ပါတယ်၊ ဒါပေမဲ့ အခုမှစတင်နိုင်ခဲ့တဲ့ ဒီမိုကရေစီကျင့်ထုံးတွေ၊ လွတ်လပ်စွာပြောဆိုခွင့်တွေနဲ့ အခြေခံရပိုင်ခွင့်တွေကိုတော့ ရှေ့ဆက်ပြီး မရပ်တန့်သွားပါစေနဲ့” ဟု အသက် ၈၅ နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်စ်က နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ကျောင်းသားများဦးဆောင်သည့် လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနား၏ အစိုးရပြုတ်ကျခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။
ရှိတ်ဟာဆီးနားသည် ထိုစဉ်က ရဟတ်ယာဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“အဲဒီနေ့ဟာ ကြီးမြတ်တဲ့ လွတ်မြောက်မှုနေ့ပါပဲ။ ဘယ်လောက်တောင် ဝမ်းသာစရာကောင်းတဲ့ နေ့လဲ။ ကမ္ဘာတစ်ဝှမ်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ဝမ်းသာမျက်ရည်တွေ ကျခဲ့ကြပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်တွေဟာ တိုင်းပြည်ကို မိစ္ဆာတစ်ကောင်ရဲ့ လက်တွင်းကနေ ကယ်တင်နိုင်ခဲ့ကြတာပါ” ဟု ယူနွတ်စ်က ဆိုသည်။

ယူနွတ်စ်သည် ထိုအချိန်မှစ၍ “အဓိကအတိုင်ပင်ခံပုဂ္ဂိုလ်” အဖြစ် နိုင်ငံကို ဦးဆောင်ခဲ့သည်။ ယခုအခါ ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) နှင့် ၎င်း၏ခေါင်းဆောင် တာရစ် ရာမန်တို့အား ဂုဏ်ပြုစကားဆိုကာ အာဏာလွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

“ပြည်သူတွေ၊ မဲဆန္ဒရှင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းတွေဟာ ချီးကျူးစရာကောင်းတဲ့ စံနမူနာတစ်ခုကို ထူထောင်နိုင်ခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ နောင်လာမယ့် ရွေးကောက်ပွဲတွေအတွက် စံပြဖြစ်စေမှာပါ” ဟု ယူနွတ်စ်က ပြောကြားသည်။

နိုင်ငံ၏ သြဇာအရှိဆုံး နိုင်ငံရေးမျိုးနွယ်စုတစ်ခုမှ ဆင်းသက်လာသူ၊ အသက် ၆၀ အရွယ် BNP ပါတီခေါင်းဆောင် တာရစ် ရာမန်သည် လူဦးရေ သန်း ၁၇၀ ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဦးဆောင်တော့မည်ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပသည့်နေ့မှာပင် ယူနွတ်စ်၏ အကူးအပြောင်းကာလ အစီအစဉ်၏ အဓိကမဏ္ဍိုင်ဖြစ်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကိုလည်း ကျင်းပခဲ့သည်။

ဟာဆီးနား အစိုးရပြုတ်ကျစေခဲ့သော လူထုအုံကြွမှုစတင်ရာ လကိုအစွဲပြု၍ “ဇူလိုင်ပဋိညာဉ်” (July Charter) ဟု ခေါ်ဆိုသည့် အဆိုပါစာတမ်းတွင် ဝန်ကြီးချုပ်များအတွက် သက်တမ်းကန့်သတ်ချက်ထားရှိရန်၊ အထက်လွှတ်တော် ဖွဲ့စည်းရန်၊ သမ္မတ၏ လုပ်ပိုင်ခွင့်များကို မြှင့်တင်ရန်နှင့် တရားစီရင်ရေးကဏ္ဍ ပိုမိုလွတ်လပ်စေရန် စသည့်အချက်များ ပါဝင်သည်။

“ကျွန်တော်တို့ဟာ သုညကနေ စတင်ခဲ့တာမဟုတ်ဘဲ အကြွေးတွေ၊ အပျက်အစီးတွေကြားကနေ စတင်ခဲ့ရတာပါ။ အပျက်အစီးတွေကို ရှင်းလင်းပြီးမှ အဖွဲ့အစည်းတွေကို ပြန်လည်တည်ဆောက်ကာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲ၏ သဘောတူညီချက်အရ “ဇူလိုင်ပဋိညာဉ်” သည် ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီများအတွက် လိုက်နာရန် အတည်ဖြစ်စေမည် ဖြစ်သော်လည်း ပါတီအချို့က မဲမခွဲမီ မေးခွန်းထုတ်မှုများရှိခဲ့ရာ လွှတ်တော်သစ်တွင် ထပ်မံအတည်ပြုချက် ရယူရန် လိုအပ်ဦးမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ BNP မဟာမိတ်အဖွဲ့သည် အမတ်နေရာ ၂၁၂ နေရာ အနိုင်ရရှိခဲ့ပြီး Jamaat-e-Islami ဦးဆောင်သော မဟာမိတ်အဖွဲ့က ၇၇ နေရာ ရရှိခဲ့သည်။

Jamaat ပါတီခေါင်းဆောင် ရှာဖီကာ ရာမန် (Shafiqur Rahman) က စနေနေ့တွင် ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပြီး ၎င်း၏ပါတီအနေဖြင့် “စောင့်ကြည့်လေ့လာသူ၊ မူဝါဒကို အခြေခံသူနှင့် ငြိမ်းချမ်းသော အတိုက်အခံ” အဖြစ် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်သစ်များသည် အင်္ဂါနေ့တွင် ကျမ်းသစ္စာကျိန်ဆိုကြရန်ရှိပြီး ယင်းနောက် တာရစ် ရာမန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း နိုင်ငံရေးပဋိပက္ခများကြောင့် လူ ၅ ဦး သေဆုံးပြီး ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသော်လည်း ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်မူ ကြီးကြီးမားမား ဆူပူအုံကြွမှုမရှိဘဲ ပြီးဆုံးခဲ့ပြီး နိုင်ငံအတွင်း အခြေအနေမှာလည်း အေးအေးချမ်းချမ်းရှိနေကြောင်း သိရသည်။