စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့က နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့သွားရောက်ပြီး ဝန်ထမ်းများနှင့် မြို့ခံများကို တွေ့ဆုံရာတွင် အာဏာသိမ်းခဲ့မှုလုပ်ရပ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင်အညီဖြစ်သည် ထပ်မံပြောကြားခဲ့သည်။
ယခုကဲ့သို့ ပြောကြားမှုသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟုဆိုကာ စစ်တပ်က မတရားအာဏာသိမ်းခဲ့သည်ကို ကာကွယ်ရန်နှင့် ပြည်တွင်း ပြည်ပမှ ဖိအားများကို ခုခံရန် ထွက်ပြောရှာခြင်းဖြစ်ကာ ၎င်း၏ အုပ်ချုပ်ရေး တရားဝင်မှုဖြင့် အသက်ဆက်ရန် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
ထို့အပြင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရပြောင်းလဲသော်လည်း အလုပ်ဆက်လက် လုပ်ဆောင်ရမည်ဟု မင်းအောင်လှိုင်က ပြောကြားခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြိုလဲသွားသည့် ဝန်ထမ်းယန္တရားနှင့် CDM လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာသည့် အုပ်ချုပ်ရေး အခက်အခဲများကို ပြန်လည်ဖာထေးလိုသည့် သဘောဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။
“ဝေးလံတဲ့ဒေသက ဝန်ထမ်းတွေကို လိုက်ပြီးစည်းရုံးပြောဆိုနေတာဟာ သူတို့ဘက်ပါလာအောင်၊ ဒါမှမဟုတ် လက်ရှိယန္တရားထဲမှာ ဆက်ရှိနေအောင် လုပ်နေတာပါ။ ဒါပေမဲ့ မြေပြင်က ဝန်ထမ်းတချို့ ပြောတာကတော့ လက်ရှိမှာ ဖိအားတွေ၊ ကြောက်လန့်မှုတွေကြားထဲကနေပဲ အလုပ်လုပ်နေရတာဖြစ်ပြီး စစ်ကော်မရှင်ရဲ့ အုပ်ချုပ်မှုကိုတော့ တကယ်တမ်း ယုံကြည်ကိုးစားနေတာမျိုး လုံးဝမရှိဘူးလို့ သိရတယ်” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကော်မရှင်ဥက္ကဋ္ဌက တပ်မတော်သည် မည်သည့်အစိုးရတက်သည်ဖြစ်စေ နိုင်ငံတော်အကျိုးကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုခြင်းမှာ တပ်မတော်သည် နိုင်ငံရေး၏ အထက်တွင် အမြဲရှိနေရမည်ဟူသော အယူအဆကို ပြသနေခြင်း ဖြစ်ကာ၊ ဤပြောဆိုချက်သည် စစ်မှန်သော ဒီမိုကရေစီစနစ်၏ အခြေခံမူဖြစ်သည့် အရပ်သားအစိုးရ၏ လက်အောက်တွင် စစ်တပ်ရှိရမည် ဆိုသော မူဝါဒနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။
“တိုင်းရင်းသားဒေသတွေမှာ ဒီမြေမှာမွေး၊ ဒီရေသောက် ဆိုတဲ့ စကားလုံးတွေသုံးပြီး ဒေသအကျိုး၊ နိုင်ငံ့အကျိုးတွေ လျှောက်ပြောနေတာဟာ ဒေသခံတွေကို စိတ်ဓာတ်ရေးရာအရ သိမ်းသွင်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ကို အကြောင်းပြပြီး ဗဟိုချုပ်ကိုင်မှု ပိုခိုင်မာအောင် လုပ်ချင်နေပေမဲ့ တိုင်းရင်းသားတွေ အမှန်တကယ် လိုလားနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုတော့ လုံးဝဥပေက္ခာပြုထားတာ တွေ့ရပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
“မြေပြင်မှာ ကုန်ဈေးနှုန်းတွေ တက်၊ တိုက်ပွဲတွေဖြစ်ပြီး ဘဝတွေ ပျက်နေရတာကို သူတို့က တရားဝင်မှုအကြောင်းပဲ ပြောနေတာကတော့ လက်တွေ့မကျဘူး” ဟု ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသည့် နာဂတစ်ဦးက မှတ်ချက်ပြုသည်။
ယခု မင်းအောင်လှိုင်၏ နာဂခရီးစဉ်သည် စစ်ကော်မရှင်က ပုံမှန်အတိုင်းလည်ပတ်နေသည်ကို ပြသလိုချင်းဖြစ်သည့်အပြင် မြေပြင်၌ စစ်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းကို ဖုံးကွယ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် နယ်မြေအများအပြားကို လက်လွှတ်နေရသော်လည်း အစိုးရတစ်ရပ်ကဲ့သို့ ဟန်ပြဆောင်ရွက်နေခြင်းမှာ ပြည်သူများအတွက် အလှမ်းဝေးလှသည့် ဖြစ်ရပ်တစ်ခုသာ ဖြစ်ကာ ပြည်သူများ၏ ဆန္ဒနှင့် စစ်ကော်မရှင်က လျှောက်လှမ်းနေသည့် လမ်းကြောင်းမှာ တဖြည်းဖြည်း ပိုမိုဝေးကွာသွားဦးမည်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
အုပ်ချုပ်ရေးယန္တရားအတွင်းရှိ ဝန်ထမ်းများကို စည်းရုံးခြင်းမှာ တော်လှန်ရေး အင်အားစုများ၏ ထိုးစစ်များကြားတွင် ယိုင်နဲ့နေသည့် အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း၊ မင်းအောင်လှိုင်၏ နာဂဒေသခရီးစဉ်နှင့် ပြောကြားချက်များသည် လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းများကြားတွင် ၎င်းတို့ကိုယ်ကိုယ် တရားဝင်မှုရှိသည်ဟု ဟန်ပြလိုခြင်းသာ ဖြစ်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။
