တမူးမြို့နယ်တွင် တောင်ယာနှင့်လယ်လုပ်ငန်းခွင်များအထိ ပေါ်တာလိုက်ဆွဲနေမှုကြောင့် တော်လှန်ရေးအဖွဲ့များကို အမျိုးသမီးများဆန္ဒပြ

ဓာတ်ပုံ - ပေးပို့

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့အစည်းများမှ တောင်ယာနှင့် လယ်လုပ်ငန်းခွင်များအထိ တပ်သားသစ်စုဆောင်းရေး ပေါ်တာလိုက်ဆွဲနေမှုကြောင့် ၎င်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း အမျိုးသမီးအဖွဲ့များက ဆန္ဒပြလျက်ရှိသည်။

တမူးမြို့နယ်တောင်ပိုင်း၊ မင်းသမီးကျေးရွာတွင် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းတွင်လည်းကောင်း၊ ဘုက္ကန်ရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင်လည်းကောင်း အမျိုးသမီးများဦးဆောင်လျက် အကြမ်းဖက်ပေါ်တာဆွဲမှုအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“အခုက တောင်ယာမှာပဲသိမ်းတဲ့လူတွေ၊ ကျွဲကျောင်းနွားကျောင်းသွားတဲ့လူတွေကို ဆွဲတယ်။ ယောက်ျားလေးတွေက ညဆိုလည်း အိမ်မှာမအိပ်ရဲကြတော့ဘူး။ ရွာတွေထဲဝင်ဆွဲတယ်။ နေ့လယ်လည်း အလုပ်ထဲအထိ ဝင်ဆွဲတာတော့ လွန်လွန်းတာပေါ့။ အဲ့လိုတွေကြောင့် ဆန္ဒပြကြတာ” ဟု တမူးတောင်ပိုင်းဒေသခံ အမျိုးသမီးတစ်ဦးက MPA ကို ပြောသည်။

ထိုသို့ ပေါ်တာဆွဲနေမှုကြောင့် တမူးမြို့နယ်မှ ဒေသခံအမျိုးသားများအနေဖြင့် လယ်ယာလုပ်ငန်းခွင်များသို့ပင် မသွားလာရဲတော့ဘဲ အမျိုးသမီးများက ဦးဆောင်လုပ်ကိုင်လာရပြီး အလုပ်အကိုင်ကျပ်တည်းလာကြကြောင်း သိရသည်။

“ကနန်မြောက်ခြမ်းကို မြောက်ပိုင်း၊ တောင်ခြမ်းကို တောင်ပိုင်း အဲ့လိုခွဲထားတယ်လို့ သိရတယ်။ အခုက မြောက်ပိုင်းဆွဲနေတာ။ မြောက်ပိုင်းပြီးရင်တော့ တောင်ပိုင်းလို့ ကြားတယ်။ ခု အဝေးရွာတွေက ခမ်းပါတ်ကို စျေးလာဝယ်ချင်တာတောင် အဖိုးကြီးအဖွားကြီးနဲ့ မိန်းကလေးတွေပဲ လာရဲကြတော့တာ။ ယောက်ျားလေးဆို ဆွဲမှာစိုးလို့တဲ့” ဟု ခမ်းပါတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိတမူးမြို့နယ်တွင် ဒေသလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဟုဆိုကာ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့မှ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ညမထွက်ရအမိန့်မထုတ်ပြန်မီကလည်း တမူးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့အစည်းများက ပေါ်တာဆွဲမှုများကို လုပ်ဆောင်ခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

ယခုအခါ ညပိုင်းတွင်သာမက နေ့လယ်ပိုင်းများတွင်ပါ လုပ်ငန်းခွင်များအထိ ဝင်ရောက်ပေါ်တာဆွဲနေပြီး တပ်သားသစ်စုဆောင်းရေးကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာခြင်းဖြစ်သည်။

“အဓိက ဗမာရွာတွေကို အဓိကထားဆွဲနေတာဗျ။ ပြောရရင် အဖွဲ့အစည်းတွေနဲ့ မပတ်သက်တဲ့ရွာတွေပေါ့။ အရင်က ခမ်းပါတ်၊ ကနန်ဘက်ဆွဲတာက ချင်းဘက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတော့ ပြန်လွှတ်ကြတယ်” ဟု တိန်းကယားရွာဒေသခံ အမျိုးသားတစ်ဦးက MPA ကို ပြောသည်။

တမူးမြို့နယ်တွင် ထိုသို့ပေါ်တာဆွဲနေမှုများကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာပြီး ထိစပ်နယ်မြေများဖြစ်သည့် ကျီးခါးနှင့် တွန်းဇံမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများတွင် သွားရောက်အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။