ထိုင်းနိုင်ငံ အရှေ့ပိုင်းပြည်နယ်ရှိ ကမ္ဘောဒီးယားနယ်စပ်အနီး အဝေးပြေးလမ်းမပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ရှစ်ဦးကို အဝေးပြေးလမ်းမရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်ကိုင်ဖုန်း ၂၈၃ လုံးကို သိမ်းဆည်းရမိခဲ့သည်။
ဖေဖော်ဝါရီ နံနက်အစောပိုင်းက ဆရီမဟာဖော့ခရိုင်အတွင်းရှိ အမှတ် ၃၅၉ အဝေးပြေးလမ်းမပေါ်တွင် ထိုင်းအမျိုးသားတစ်ဦး မောင်းနှင်လာသည့် Toyota ကားတစ်စီးအတွင်း ၎င်းတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အဝေးပြေးလမ်းမရဲတပ်ဖွဲ့မှူး ရဲချုပ် ပွန်ဆက်ခ်လော်ရူဂျာရယ်လိုင်က ပြောကြားသည်။
အဆိုပါကားတွင် မှန်များ အလွန်အမင်း မည်းနေသည့်အပြင် ပုံမှန်ထက် ပိုမိုလေးလံသော ဝန်များကို တင်ဆောင်ထားပုံရသဖြင့် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယာဉ်မောင်းမှာ အသက် ၃၇ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦး ဖြစ်သည်ဟုဆိုသည်။
ယာဉ်အတွင်း၌ တရားဝင် အထောက်အထား မပါရှိသည့် တရုတ်နိုင်ငံသား ရှစ်ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် တရုတ်အမျိုးသမီး တစ်ဦးတွင်သာ နိုင်ငံကူးလက်မှတ် (Passport) ပါရှိသော်လည်း ဗီဇာသက်တမ်း ကုန်ဆုံးနေပြီဖြစ်သည်။
ထို့အပြင် ယာဉ်ပေါ်ပါလာသည့် မြန်မာအမျိုးသားတစ်ဦးတွင် နိုင်ငံကူးလက်မှတ် ရှိသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ မည်သို့ဝင်ရောက်လာသည်ကို ပြသသည့် မပါရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် ယာဉ်အတွင်းမှ ကျောပိုးအိတ် ကိုးအိတ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းအိတ်များအတွင်း၌ စုစုပေါင်း လက်ကိုင်ဖုန်း ၂၈၃ လုံး၊ အားသွင်းကြိုး ၁၁၈ ချောင်း၊ Laptop ကွန်ပျူတာ နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း ရဲချုပ် ပွန်ဆက်ခ်က ပြောကြားသည်။
ယာဉ်မောင်းဖြစ်သူက အဆိုပါ တရုတ်နိုင်ငံသားများကို ဆာကေအို ပြည်နယ်၊ ဝတ်ထာနာနာခွန် ခရိုင်မှ ခရီးသည်များကို တင်ဆောင်ပြီး ဘန်ကောက်မြို့မြောက်ဘက်ရှိ ပထုံဌာနီ ပြည်နယ်၊ ထန်ရာဘူရီ ခရိုင်ရှိ ဟိုတယ်တစ်ခုသို့ ပို့ဆောင်ရန် ဘတ်ငွေ ၁၀,၀၀၀ ပေး၍ ငှားရမ်းခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
ထိုင်း ရဲတပ်ဖွဲ့က ပထုံဌာနီရှိ အဆိုပါဟိုတယ်ကို ဆက်လက်ရှာဖွေခဲ့ရာ တရားဝင် အထောက်အထား မပါရှိသည့် အခြားမြန်မာနိုင်ငံသား ငါးဦးကိုလည်း ထပ်မံတွေ့ရှိခဲ့သည်။
