တစ်ရက်တည်းနှင့် စစ်မှုထမ်းတပ်သား ၉ ဦး ကေအဲန်ယူထံ အလင်းဝင်

ဓာတ်ပုံ-ကေအဲန်ယူဗဟို
ပုံစာ- အလင်းဝင်လာသော စစ်မှုထမ်းတပ်သားများ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်မှုထမ်းတပ်သား ၉ ဦး ကေအဲန်ယူထံ အလင်းဝင်လာကြောင်း သိရသည်။

ခလရ ၄၃၉တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၅ဦး၊ ခလရ၅၉၈မှ တစ်ဦး၊ခလရ၆၀မှ တစ်ဦး၊ခလရ၃၅၁ မှ တစ်ဦးနှင့် ခမရ၅၃မှ တစ်ဦးတို့သည် ညောင်လေးပင်ခရိုင် KNLAတပ်မဟာ၃ လက်အောက်ခံ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း၃ထံသို့ ဖေဖေါ်ဝါရီ၁၂ရက်က အလင်းဝင်လာကြ ခြင်း ဖြစ်ကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။

“တပ်ရင်းမှာရှိနေတဲ့အချိန် လုံခြုံရေးတင်းကျပ်ထားလို့ ထွက်လာဖို့က ခက်တယ်။ရှေ့တန်းထွက်တဲ့ အချိန်ပဲ အလစ်ချောင်းပြီး အလင်းဝင်နိုင်ကြတာများတယ်။စစ်မှုထမ်းတွေကလည်း ရှေ့တန်းထွက်ရင် ကို အလင်းဝင်ဖို့ အလစ်ချောင်းနေကြတယ်လို့ ထင်တယ်။အဓိကက တော်လှန်ရေးတပ်တွေနဲ့ ချိတ် ဆက်ဖို့ အခက်အခဲရှိကြတယ်။အဲဒါကြောင့် ဆက်သွယ်လို့ရမယ့်လမ်းကြောင်းနဲ့ ချိတ်ဆက်ရမှာ တွေ ကို စစ်သားတွေသိအောင် ချန်နယ်များများ ဖွင့်ပေးထားဖို့လိုမယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPA သို့ပြောသည်။

အလင်းဝင်လာသူများမှာ အသက်၄၀နှင့်အထက် ၂ဦး၊ အသက်၃၀နှင့်အထက်၂ဦးနှင့် အသက်၂၀ကျော်အရွယ် ၅ဦးတို့ ဖြစ်ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။

အလင်းဝင်လာသည့်စစ်မှုထမ်းတပ်သားအများစုမှာ သက်ဆိုင်ရာတော်လှန်ရေးတပ်များထဲတွင် ပါဝင် ကာ စစ်တပ်ကို ပြန်တိုက်နေကြကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအ ဖွဲ့ MDSI ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အလင်း၀င်လာသည့်တပ်သားများသည် မိမိဆန္ဒမပါဘဲ အဓမ္မ စစ်မှုထမ်းစေခိုင်းခံ ရသူများ ဖြစ်ကြပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။