ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၇ နာရီခွဲအချိန်ခန့်မှ စတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းများက ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ ဂိတ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးသီးများ အသုံးပြု၍ တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါနေရာသို့ စစ်ကော်မရှင်က Gyrocopter ၃ စင်းဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
“မနက်က ယင်းမာပင်ခရိုင်ရင်းတွေက BNRA ချင်ပြစ်နဲ့ ပုပ္ပါဂိတ်တွေကို ဝင်စီးပြီး ပစ်ကျခတ်ကျတယ်။ အခု ၁၂နာရီကျတော့ နမခကနေ ပုပ္ပါဂိတ်ကို လာကြဲသွားတယ်။ အထိအခိုက်မရှိဘူးလို့တော့ကြားတယ်” ဟု မြေပြင်သတင်းရင်းမြစ်က MPA သို့ပြောသည်။
လက်ရှိ ပုလဲမြို့နယ်ရှိ မင်းတိုင်ပင်ကျေးရွာသားများသည် ပြီးခဲ့သည့်နှစ်က PLA အဖွဲ့က ကန့်တောင့်စခန်းကို တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ ရှစ်လခန့်ကြာအောင် စစ်ဘေးရှောင်နေကြရပြီး မင်းတိုင်ပင်ရွာအတွင်း၌ စစ်ကောင်စီတပ်များ အခြေစိုက်တပ်စွဲထားသဖြင့် ပြည်သူများအနေဖြင့် မိမိတို့၏နေရပ်ကို ပြန်လည်သိမ်းပိုက်နိုင်မည့်အချိန်ကိုသာ မျှော်လင့်တောင့်တနေကြသော်လည်း လက်တွေ့မြေပြင်တွင်မူ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းနိုင်ခြင်းမရှိသေးသည့်အပြင် တော်လှန်ရေးအင်အားစုအချင်းချင်းကြားတွင်သာ ပြန်လည်တိုက်ခိုက်နေကြသည့် အခြေအနေသို့ ဆိုက်ရောက်နေရခြင်းမှာ များစွာစိတ်မကောင်းစရာ ဖြစ်ရကြောင်း ပုလဲမြို့နယ်တွင်နေထိုင်သည့် အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ဒီနေ့တိုက်ပွဲဖြစ်သံကြားတော့ စစ်တပ်ကို တိုက်ပြီလားဆိုပြီး ထင်လိုက်တာ၊ ဘယ်ဟုတ်မတုန်းကိုယ့်အချင်းချင်း ဖြစ်နေကြတာ၊ မင်းတိုင်ပင်မှာထိုင်ထားတဲ့ စစ်တပ်က ပျူတွေနဲ့ပေါင်းပြီး အနီးအနားရွာတွေမှာ လုယက်နေတာ အဲ့ဒီစစ်တပ်ကိုတော့ မတိုက်ဘူး။ အတော်စိတ်ပျက်ဖို့ကောင်းလွန်းတယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ တော်လှန်ရေးအင်အားစုအချင်းချင်းကြား တိုက်ပွဲဖြစ်ပွားနေသည့် အချိန်နှင့် နေရာကို အခွင့်ကောင်းယူ၍ အာဏာသိမ်းစစ်ကောင်စီတပ်ကလည်း ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ယခုကဲ့သို့ ကြားဖြတ်ဗုံးကြဲမှုကြောင့် မြေပြင်ရှိ တိုက်ပွဲအခြေအနေမှာ ပိုမိုပြင်းထန်ရှုပ်ထွေးသွားခဲ့ပြီး တော်လှန်ရေးအင်အားစု နှစ်ဖက်စလုံးအတွက်သာမက ဒေသခံပြည်သူများအတွက်ပါ အန္တရာယ်ပိုမိုကြီးမားလာစေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
” စိတ်ပျက်စရာဗျာ ခွေး(စစ်တပ်)ကိုသာ အဲ့ဒီလို အင်အားသုံး တိုက်ကြရင် ပုလဲနယ် တော်လှန်ရေးက ပြီးတာကြာပေါ့၊ အခုတော့ ပြောစရာစကားလုံးတောင်မရှိတော့ဘူး” ဟု မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ပြည်သူများအနေဖြင့် လက်နက်ကြီးသံများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အထူးစိုးရိမ်ထိတ်လန့်နေပြီး ပြည်သူများအနေဖြင့် လတ်တလောအချိန်အတွင်း ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်တိမ်းနေရကြောင်း သိရသည်။
ယခုဖြစ်ရပ်သည် တော်လှန်ရေးခရီးကြမ်းတွင် ညီညွတ်ရေးသည် မည်မျှအထိ အရေးကြီးသည်ဆိုသည်ကို မီးမောင်းထိုးပြနေသည့် ဖြစ်ရပ်ဖြစ်ပြီး အချင်းချင်းကြား ပဋိပက္ခဖြစ်နေချိန်တွင် ဘုံရန်သူဖြစ်သော စစ်ကော်မရှင်က အခွင့်ကောင်းယူ တိုက်ခိုက်လာခြင်းမှာ တော်လှန်ရေးအတွက် ကြီးမားသော သင်ခန်းစာတစ်ခု ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။
မြေပြင်စစ်ရေးအခြေအနေအရ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နိုင်သည့် အနေအထားတွင် ရှိနေသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲရှိနေကြရန်နှင့် မိမိတို့၏ လုံခြုံရေးကို ပထမဦးစားပေးအဖြစ် ဂရုစိုက်ကြရန် မြေပြင်တော်လှန်ရေးရဲဘော်က တိုက်တွန်းထားသည်။
