လူ၂၀ထက်မနည်းသေဆုံးသော ဖားကန့် မြေစာပုံပြိုကျမှုနှင့်ပတ်သက်ပြီး ယနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးမလုပ်နိုင်သေးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ရက်၊ ည ၉ နာရီခွဲတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကုဋေကျေးရွာအနီးရှိ နေမင်းကမ္ဘာကျောက်စိမ်းတူးဖော်ရေးကုမ္မဏီ၏ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူ ၂၀ သေဆုံးကာ ၁၀ဦး ပျောက်ဆုံးလျက်ရှိရာယနေ့ ( ဖေဖော်ဝါရီ ၁၇ရက် ) မွန်းလွဲ ၃နာရီကျော်အထိ ကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း သိရသည်။
” လောလောဆယ် ကူညီကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးဘူး။ တားထားတယ်လို့ သိရတယ်။ မတားလို့ သွားလုပ်လည်း ဘာမှတော့ လုပ်လို့မရဘူးရယ်။ မြေကြီးထဲ ရွှံ့နွံတွေထဲ မြုပ်သွားတာ ဆို တော့လေ။ ဖားကန့်မှာကလည်း အဆင့်မြင့်တဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေလည်း မရှိဘူးလေ။ ၂ရက်၊၃ရက်လောက်နေရင် အလောင်းတွေ ပုပ်ပွပြီး ရေထဲပေါလောပေါ်လာမှပဲ ဆယ်ရုံရှိတော့တာ။ ပြိုကျတဲ့အထဲ ပါသွားတဲ့ ဒဏ်ရာရတဲ့သူတွေလည်း အခုချိန်မှ ထွက်မလာနိုင်သေးရင် သေလောက်ပြီ ” ဟု ယင်းဖြစ်စဉ်ကို သိရှိထားသည့် ဖားကန့်မြို့ခံအမျိုးသားတစ်ဦးက MPA ကို ပြောသည်။
သေဆုံးသူ၂၀မှာ ရေမဆေးကျောက်ရှာသည့် အမျိုးသားများဖြစ်ကြပြီး ၁၀ ဦး ပျောက်ဆုံးနေသည်ဟု စာရင်းရရှိထားကြောင်း ၎င်းကပြောသည်။
” မြေစာပုံဆိုတာက ကျောက်စိမ်းလုပ်ကွက် တွင်းကြီးတွေထဲမှာ ရှိတဲ့ ရေကန်ပေါ့နော်။ ကျောက်စိမ်းလုပ်ကွက်အဟောင်းတွေက မိုးလည်းရွာရော ရေကန်ဖြစ်သွားတာ။ အဲရေကန်တွေထဲကို နောက်တူးတဲ့ လုပ်ကွက်အသစ်ထဲက မြေစာတွေသွန်တာပေါ့နော်။ မြေစာတွေ သွန်ရင်း၊ သွန်ရင်း မို့တက်လာပြီး အောက်ကရေတွေရှိတော့ အပေါ်ဝိတ်များပြီး ပြိုတာပေါ့။ အဲဒီမှာ မြေစာပုံပေါ်တက်ပြီး ရေမဆေးရှာတဲ့ ကျောက်သမားတွေ ပိကုန်ကြတာ ” ဟု ၎င်းကရှင်းပြသည်။
၂၀၂၁ ခုနှစ်ကတည်းက ဖားကန့်မြို့နယ်တွင် ကျောက်စိမ်း တရားဝင် တူးဖော်ခွင့်ကို စစ်တပ်က ပိတ်ထားသော်လည်း ယင်းနှစ် အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ နားလည်မှုဖြင့် တူးဖော်နေကြ ကြောင်း သိရသည်။
၂၀၂၁ခုနှစ်မှ ၂၀၂၆ခု နှစ်စပိုင်းအထိ ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် မြေစာပြိုမှု၊ ကမ်းပါးပြိုမှုနှင့် နွံကန်ပေါက်ကျမှု စုစုပေါင်း ၅၅ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၅၉၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ထံက သိရသည်။
