NDFပါတီကို မြေမြှုပ်ပစ်ပြီး အေးမောင် ရွေးကောက်ပွဲဝင်နိုင်ရန် လွတ်ငြိမ်းခွင့်ပြုခြင်းမှာ ဥပဒေသည် မင်းအောင်လှိုင် ပါးစပ်ထဲတွင်သာရှိကြောင်း ဖော်ပြနေဟုဆို

By Ra Wai / MPA

NDF ပါတီ အပြီးအပိုင်ဖျက်သိမ်းခံရခြင်းနှင့် အေးမောင်ကို ရွေးကောက်ပွဲဝင်နိုင်အောင် စစ်ကော်မရှင် က လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းမှာ ဥပဒေသည် မင်းအောင်လှိုင်ပါးစပ်ထဲတွင်သာရှိကြောင်း ဖော်ပြချက် ဖြစ်သည်ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

NDF(အမျိုးသားဒီမိုကရေစီအင်အားစု)ပါတီကို သတ်မှတ်ပါတီဝင်ဦးရေမပြည့်မီမှု နှင့် အမျိုးသားနိုင်ငံ ရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ် သမားအလုပ်သမားအင်အား စု ပါတီတို့ကို ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်မပြည့်မီမှုတို့ဖြင့် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ၉ရက်၌ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး နောက် ဖျက်သိမ်းခံပါတီများ အယူခံဝင်ခွင့်မရှိဟု ကော်မရှင်က ပြန်လမ်းမဲ့စီရင်ချက်ချခဲ့သော်လည်း ရခိုင့်ဦးဆောင်ပါတီဥက္ကဌ အေးမောင်ကိုမူ ၎င်းကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ်အားလုံးအား မင်း အောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးကာ ရွေးကောက်ပွဲဝင်နိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။

“တကယ်တော့ သတ်မှတ်ထားတဲ့ ပါတီဝင်အင်အား မပြည့်ဘူးဆိုတာ မျက်စိမှိတ်ချင် မှိတ်လို့ရ တယ် လေ။တစ်နိုင်ငံလုံး ဝင်ပြိုင်မယ့်ပါတီကလည်း ၉ခုပဲရှိတာ။အခု၂ပါတီ NDFနဲ့ အမျိုးသမီးပါတီ(မွန်)ကို ဖျက်သိမ်းလိုက်တော့ ၇ခုပဲကျန်တော့မှာကိုး။NDFကို ဘာလို့ ဖျက်ပစ်လိုက်တာလဲဆိုတော့ တစ်နိုင်ငံ လုံးဝင်ပြိုင်မယ့်ပါတီဖြစ်တဲ့အပြင် NDFကို NLDပြုတ် စန္ဒာမင်းအုပ်စုက ပြုံပြီး ဝင်လာတာဆိုတော့ NDFဟာ ကြံ့ဖွတ်နဲ့ ပြိုင်ဘက်ဖြစ်လာမလားဆိုပြီး စစ်အုပ်စုမှာ စိုးရိမ်ချက်ရှိလို့ ဝဲပစ်လိုက်တာ”ဟု ၎င်းက MPAသို့ပြောသည်။

စစ်အုပ်စုသည် NLDပါတီပြုတ်များကိုပင် ယုံကြည်မှုမရှိကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

“ပြီးတော့ စစ်အုပ်စုက စန္ဒာမင်းကို ထပ်အသုံးချစရာမရှိတော့တာလည်း ပါတာပေါ့။အေးမောင်ကျ တော့ ပြည်နယ်အဆင့်ပါတီ၊အပိုးကျိုးပြီးသား။ရခိုင်ဒေသမှာ AAက နင်းကန်သိမ်းပိုက်ထားတော့ အေးမောင်ကို ရခိုင်ကိစ္စတွေမှာ ရုပ်ပြအနေနဲ့ သုံးစရာကျန်သေးတာကိုး”ဟု ၎င်းက ဆက်လက် ပြောသည်။

အေးမောင်ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီထောက်ခံချက်ဖြင့် မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စက်တင်ဘာ၁၁ရက်ညတွင် စစ်ကော်မရှင်ရုပ်သံများ၌ ကြေညာခဲ့ သည်။

အေးမောင်သည် နိုင်ငံတော်ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန်စောင့်ထိန်းသွားမည်ဟု သန္နိဌာန်ပြုကာ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ရန် ကတိပြုသဖြင့် လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။

“စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် အစွမ်းကုန်ကျွန်ခံပါမယ်လို့ အေးမောင်က လူသိရှင်ကြား အညံ့ခံကြောင်း စစ်ကော်မရှင်က ထုတ်ပြန်လိုက်တာ”ဟု ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားစာ ရေးဆရာတစ်ဦးက ပြောသည်။

၂၀၁၉ခုနှစ်တွင် စစ်တွေခရိုင်တရားရုံးက အေးမောင်ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂နှင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်အနှစ် ၂၀ ချမှတ်ခဲ့ရာ စစ်တပ်က အာဏာသိမ်းပြီးမကြာမီ လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

သို့သော်၊ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၈ တွင် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ကြောင့်ဖြစ်စေ၊ အဂတိလိုက်စားမှုကြောင့်ဖြစ်စေ သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အ သတ် မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပါက လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိကြောင်းနှင့် နောင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင်လည်း ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားခြင်း ကြောင့် အေးမောင်ကို မင်းအောင်လှိုင်က ရွေးကောက်ပွဲဝင်နိုင်ရန် အလို့ဌာ လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်ပေးခြင်းဖြစ်သည်။

NDFပါတီ ဒုဥက္ကဌ၂ စန္ဒာမင်းကမူ ပါတီဖျက်သိမ်းခံရခြင်းကြောင့် စိတ်ဒဏ်ရာများစွာရခဲ့ပြီး နိုင်ငံ ရေးဆက်မလုပ်တော့ဟု ဘီဘီစီသို့ ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ထုတ်ပယ်ခံထားရသော စန္ဒာမင်းသည် NDFပါတီ ဒုဥက္ကဌ၂ ရာထူးကို ဩဂုတ်၁၇ ရက်ကမှ ရရှိခဲ့ခြင်းဖြစ်သည်။

စာတည်း-ML