By Min AB / MPA
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာ ဧက ၂၀၀ ရွှေလုပ်ကွက်မှ လုပ်သား ၃၁ ဦးကို စစ်မှုထမ်း သင်တန်းတက်ရောက်ဖို့ ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်ထိုမြို့မြောက်ဘက်တွင် တည်ရှိသည့် ဧက ၂၀၀ ရွှေလုပ်ကွက်အတွင်း အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား ၄၀ ဦးကို စက်တင်ဘာလ ၉ ရက်၊ မနက် ၁၀ နာရီခန့်က စစ်အုပ်စုက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ ခြင်း ဖြစ်သည်။
ဖမ်းဆီးခဲ့သည့်လုပ်သား ၄၀ ဦးအနက် သက်ကြီးပိုင်း ၉ ဦးကို တစ်ရက်အကြာတွင် ပြန်လွှတ်ပေးပြီးနောက် ကျန်သည့်လူငယ် အမျိုးသားအားလုံးကို စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ခေါ်ဆောင်သွားကြောင်း ကျိုက်ထိုဒေသခံ အမျိုးသမီးတစ်ဦးက MPA ကို ပြောသည်။
“ဝင်ဖမ်းတဲ့အချိန်က အားလုံးအလုပ်လုပ်နေတာ အကုန်ခေါ်စစ်ဆေးတယ်၊ ပြီးတော့ တွေ့သမျှ ယောကျာ်းသား အားလုံးကို ဖမ်းသွားတာပဲ” ဟု ၎င်းက ပြောသည်။
စစ်အုပ်စု ဝင်ရောက်ဖမ်းဆီးချိန်တွင် အင်အား ၁၀၀ ကျော်ပါဝင်ပြီး တရားမဝင်ရွှေတူးဖော်နေသည်ဟုဆိုကာ ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဖမ်းဆီးခံရသူများသည် ကျိုက်ထိုမြို့နယ်အခြေစိုက်စခန်းတွင် တစ်ရက်ကြာ ချုပ်နှောင်ပြီးနောက် သထုံမြို့နယ် အမှတ်(၉)လေ့ကျင့်ရေးတန်းမြင့်ကျောင်းကို ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများသည် တနယ်တခြားဒေသများမှ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် ရွေ့ပြောင်း လုပ်သားများ ဖြစ်ကြသည့်အတွက် ၎င်းတို့၏သတင်းများကို လိုက်လံမေးမြန်းစုံစမ်းရန် ခက်ခဲနေကြောင်း ယင်းဖြစ်စဉ်ကို သိရှိထားသည့် ကျိုက်ထိုမြို့ခံတစ်ဦးက ပြောသည်။
“ကိုယ့်ဒေသ လူတွေ မဟုတ်တော့၊ သူတို့မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့ မပြောနဲ့ ဘယ်ကမှန်းတောင် မသိကြဘူးလေ၊ အဲဒါကြောင့်မို့လိုပဲ ဒီကောင်(စစ်တပ်)က လွယ်လွယ်ကူကူနဲ့ ခေါ်သွားတာ နေမယ်” ဟု ၎င်းက ပြောသည်။
ယခုဖမ်းဆီးခံရသည့် ရွှေလုပ်ကွက်သည် ခရိုနီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးပိုင်ဆိုင်သည့် လုပ်ကွက်ဖြစ်ပြီး လုပ်ကိုင်ခွင့်ပါမစ်ကို ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပေးထားကြောင်း ပြောဆိုမှုများ ရှိနေသော် လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ထို့ကြောင့် KNU တပ်မဟာ ၁ တာဝန်ရှိသူများထံ MPA က ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။
“ဒီနယ်ဘက် ရွှေလုပ်ကွက်အများစုက KNU ခွင်ပါ၊ စစ်တပ် (ဒါမဟုတ်) အစိုးရဘက်က ထိန်းချုပ်ထားတာ မဟုတ်ဘူး၊ အရင်ကတည်းကပဲလေ၊ အခုလည်း စစ်တပ်က အဲဒီဘက် စစ်ကြောင်းထိုးရင်းနဲ့ ဝင်ဆွဲတာလား၊ KNU လုပ်ကွက်မို့လို့ သက်သက်ကို ဝင်ဖမ်းတာလားတော့ သေချာမသိဘူးပေါ့” ဟု ကျိုက်ထိုမြို့နယ် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရွှေလုပ်ကွက်ပေါင်း ရာချီရှိသည့် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်များတွင် KNU ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး အများစုက KNU ထံ အခွန်ဆောင်ရသည်။
စာတည်း-ကိုဆန်း
