ဒေါ်ကြည်ပြာနှင့် ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ဆုံးဖြတ်ချက် တရားမျှတမှုမရှိဟုဆိုကာ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အဖွဲ့ ကန့်ကွက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ က ဝန်ကြီးချုပ်ရုံး၏ ဖေဖော်ဝါရီလ ၁၈ ရက်စွဲပါ အမိန့်အမှတ် (၁၅/၂၀၂၆) ထုတ်ပြန်ချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သည်ဟုဆိုကာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

NUG ဝန်ကြီးချုပ်ရုံး၏ အမိန့်သည် ဒေါ်ကြည်ပြာ အပေါ် အဂတိလိုက်စားမှုရှိခဲ့သည်ဟူသော တိုင်တန်းချက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အရ အပြစ်မရှိကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထုတ်ပြန်ချက်များသည် ယုံကြည်လက်ခံဖွယ်ရာမရှိကြောင်းနှင့် အစိုးရတစ်ရပ်အပေါ် အလွန်အမင်း စိတ်ပျက်ဖွယ်ဖြစ်စေခဲ့ကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

၎င်းအဖွဲ့အနေဖြင့် မတရားမှုကျူးလွန်ခံရသူ CDM ဝန်ထမ်းများနှင့်အတူ တစ်သားတည်းရပ်တည်သွားမည်ဖြစ်ပြီး၊ CDM များအပေါ် ဖြစ်တည်သော မတရားမှုများကို မိမိတို့အပေါ် ပြုကျင့်ခံရသော မတရားမှုများအဖြစ် ထပ်တူခံစားရကြောင်း ဆိုသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းစဉ်အောက်မှ ဆောင်ရွက်နေသော (စတုတ္ထအကြိမ်) တက္ကသိုလ်ဝင်ခွင့်ခေါ်ဆိုခြင်း လုပ်ငန်းစဉ်များအားလုံးကို ယနေ့(ဖေဖော်ဝါရီ ၁၉ရက်)မှစ၍ တစ်စုံတစ်ရာ ကျေလည်မှုမရမချင်း ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ထို့အပြင် NUG အစိုးရအနေဖြင့် ဒေါ်ကြည်ပြာနှင့် ပတ်သက်သည့် တိုင်တန်းချက်အတွက် စုံစမ်းစစ်ဆေးခဲ့သည့် စစ်ဆေးချက်များ၊ သက်သေခံချက်များကို အများပြည်သူထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရှင်းလင်းပေးရန်နှင့် စစ်ဆေးမှုဖြစ်စဉ်တွင် လိုအပ်ချက်များရှိခဲ့ပါက တရားသဖြင့် ပြန်လည်စစ်ဆေးနိုင်ရေးတို့ကို တောင်းဆိုဆန္ဒပြုထားသည်။

ယခုကဲ့သို့ လုပ်ငန်းစဉ်များ ရပ်ဆိုင်းလိုက်ခြင်းကြောင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများအကြား နစ်နာမှုဖြစ်နိုင်ကြောင်း သိရှိနားလည်သော်လည်း၊ မတရားမှုကို ဆန့်ကျင်နေသည့် CDM ဝန်ထမ်းရပ်ဝန်းဖြစ်သည့်အတွက် မိမိတို့၏ ရပ်တည်ချက်ကို နားလည်ပေးရန် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။