By Ko Myo / MPA
၂၀၂၅ခုနှစ် ၈လတာအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်း ၂၀၀၀ကျော် ရှိပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင် က ယနေ့(စက်တင်ဘာ၁၂ရက်) သတင်းထုတ်ပြန်သည်။
၂၀၂၅ခုနှစ်၊ဇန်နဝါရီမှ ဩဂုတ်အတွင်း အလင်းဝင်နှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၀၀၄ဦး ရှိပြီဖြစ်ပြီး ဩဂုတ်လအတွင်း စစ်သား၊ရဲနှင့်ပြည်သူ့စစ် အလင်းဝင်လာသူ ၁၇၄ဦးနှင့် စစ်သုံ့ပန်း ၉၅ဦး စုစုပေါင်း ၂၆၉ဦးရှိကြောင်း အလင်းဝင်စစ်သားစုစုပေါင်းမှာ ၁၇၀ရှိပြီး ယင်းအနက် ၅၉ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ် ကြောင်း သိရသည်။
“အခု ပြည်သူ့ပန်းတိုင်စာရင်းအရဆို ဩဂုတ်လထဲမှာ အလင်းဝင်တဲ့ သန္ဓေစစ်သား(စစ်မှုထမ်းမဟုတ် တဲ့စစ်သားဟောင်း)အရေအတွက် ပိုများလာတာတွေ့ရတယ်။စစ်မှုထမ်းကတော့ မဝင်ချင်ဘဲ စစ်တပ်ထဲ တစ်နည်းနည်းနဲ့ ရောက်လာတာမို့လို့ အခွင့်ရတာနဲ့ အလင်းဝင်မှာပဲ။အဓိကက သန္ဓေစစ် သားတွေ များများ အလင်းဝင်ဖို့ လိုတယ်။အဲဒီအတွက် တာဝန်ရှိတဲ့သူတွေ အားစိုက်လုပ်စေလိုတယ်” ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။
ဩဂုတ်လအတွင်း ဖမ်းဆီးမိသည့် စစ်သုံ့ပန်း ၉၅ဦးထဲတွင် စစ်သား ၄၄ဦး ရှိပြီး ယင်း၄၄ဦးထဲ၌ စစ်မှုထမ်း၃ဦး ပါဝင် ကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။
၂၀၂၅ဇန်နဝါရီတွင် စစ်သား၈၈ဦး၊ဖေဖေါ်ဝါရီတွင် ၈၀၊ မတ်တွင် ၆၂ဦး၊ ဧပြီတွင် ၆၅ဦး၊ မေတွင် ၆၆ဦး ၊ ဇွန်တွင် ၁၀၀နှင့် ဇူလိုင်တွင် ၁၀၉ဦး အလင်းဝင်ခဲ့ပြီး အလင်းဝင်စစ်သားများထဲ၌ စစ်မှုထမ်းတပ် သား သုံးပုံနှစ်ပုံကျော် ပါဝင်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ဇူလိုင်လတွင် အလင်းဝင်စစ်သား ၁၀၉ဦးအနက် အယောက်၈၀မှာ စစ်မှုထမ်းတပ်သားများဖြစ်သည်။
စာတည်း-ML
