မြန်မာနိုင်ငံ၏ အာဏာကို မတရားသိမ်းယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ကျရောက်သော (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာတွင် တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ဘေးဒုက္ခများနှင့် ပြည်သူတို့၏ ဆင်းရဲမွဲတေမှုမှာ အာဏာလိုချင်တပ်မက်သူများကြောင့်ဖြစ်သည်ဟု အရှက်မဲ့စွာ ပြောကြားမှုပြုလုပ်ခဲ့သည်။
၎င်း၏ သဝဏ်လွှာတွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကြောင်းပြကာ အာဏာကို အဓမ္မနည်းဖြင့် လိုချင်သူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုထားသည်။
သို့သော် မြေပြင်လက်တွေ့တွင်မူ မင်းအောင်လှိုင်ကိုယ်တိုင်က အာဏာမက်မောပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ အာဏာသိမ်းခဲ့ခြင်းကြောင့်သာ တိုင်းပြည်မှာ စစ်မီးတောက်လောင်ကာ ချင်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးနေရခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
“ချင်းပြည်နယ်ထဲမှာ စစ်ကော်မရှင်တပ်တွေက လေယာဉ်နဲ့ဗုံးကြဲတာ၊ ရွာလုံးကျွတ်မီးရှို့တဲ့ မြေလှန်စနစ်တွေသုံးပြီး မြို့တွေရွာတွေကို ပြာကျအောင်လုပ်ခဲ့တာအားလုံးကို မင်းအောင်လှိုင်ကတော့ ဘာမှမသိသလိုမျိုး လုံးဝမျက်ကွယ်ပြုထားပါတယ်။
ဒါတင်မကသေးဘူးနော်၊ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ ပျက်စီးကုန်တာဟာ သူ့ကြောင့်မဟုတ်ဘဲ အကြမ်းဖက်မှုတွေကြောင့်ပါဆိုပြီး ခေါင်းစဉ်တပ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အရှက်မရှိ အပြစ်ပုံချနေတာကို တွေ့ရပါတယ်။ တကယ့်လက်သည်တရားခံက သူကိုယ်တိုင်ဖြစ်နေပါလျက်နဲ့ သူတစ်ပါးကို လက်ညှိုးထိုးနေတာကတော့ တကယ်ကို ရယ်စရာကောင်းလှပါတယ်။” ဟု ၎င်းက ပြောသည်။
မင်းအောင်လှိုင်က ပြည်သူများအား ဆူပူအကြမ်းဖက်မှုများ ပပျောက်အောင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားပြီး ယခုကဲ့သို့ ပြောကြားခြင်းမှာ မိမိကိုယ်တိုင် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို ဖုံးကွယ်ရန် ကြိုးစားခြင်းသာ ဖြစ်ကြောင်း ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။
“ငါတို့အိမ်တွေကို မီးရှို့၊ ငါတို့ကလေးတွေကို ဗုံးကြဲသတ်နေတာ ဘယ်သူလဲဆိုတာ ကမ္ဘာကသိတယ်။ အခုမှ ငါတို့ကို တရားဟောနေတာကတော့ အရှက်မရှိလွန်းရာ ကျပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် သဝဏ်လွှာတွင် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 (နဝမတန်း) ပြီးမြောက်အောင် ပညာသင်ကြရန်နှင့် စီးပွားရေးကောင်းမွန်အောင် MSME လုပ်ငန်းများ လုပ်ဆောင်ကြရန် ထည့်သွင်းပြောဆိုထားသည်။
“”တကယ့်လက်တွေ့မှာတော့ စာသင်ကျောင်းတွေရော၊ ဆေးရုံတွေကိုပါ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးနေတာက ဒီစစ်ကော်မရှင်တပ်တွေပဲလေ။ ဒါကိုကြည့်ရင် မင်းအောင်လှိုင်ရဲ့ ပါးစပ်ကပြောတဲ့စကားနဲ့ လက်တွေ့လုပ်ရပ်က လုံးဝကို ပြောင်းပြန်ဖြစ်နေတာပဲ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။
နိုင်ငံရေးလေ့လာသူများ၏ အဆိုအရ မင်းအောင်လှိုင်သည် ၎င်း၏ အာဏာသိမ်းမှုကို တရားဝင်မှု (Legitimacy) ရရှိစေရန်အတွက် ယခုကဲ့သို့ သဝဏ်လွှာများကို အသုံးချကာ သတင်းမှားများ ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း၊၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပြီးပြီဟု ဆိုခြင်းမှာလည်း ပြည်တွင်းပြည်ပ ဖိအားများကို လျှော့ချရန်အတွက် ဖန်တီးထားသည့် လိမ်လည်မှုတစ်ခုသာ ဖြစ်သည်ဟု ဆိုကြသည်။
ချင်းပြည်သူများအနေဖြင့်မူ မင်းအောင်လှိုင်၏ သဝဏ်လွှာကို လုံးဝဂရုမစိုက်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တော်လှန်ရေးအတွက်သာ ဆက်လက်တိုက်ပွဲဝင်နေကြသည်ကို တွေ့ရသည်။
“သူဘာပဲပြောပြော ငါတို့ချင်းပြည်နယ်ထဲကနေ စစ်ခွေးတွေ အကုန်ထွက်သွားဖို့ပဲ အရေးကြီးတယ်” ဟု ချင်းလူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင် ချင်းပြည်နယ်၏ နေရာအနှံ့အပြား၌ စစ်ကော်မရှင်တပ်များအတွက် စိုးမိုးနယ်မြေ မရှိသလောက် နည်းပါးလာချိန်တွင် မင်းအောင်လှိုင်က နယ်မြေနှင့်အာဏာချဲ့ထွင်သူများဟု တိုင်းရင်းသားအဖွဲ့များကို စွပ်စွဲနေခြင်းမှာ ရယ်ဖွယ်ကောင်းလှသည့် အခြေအနေဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်သူများက ဆိုသည်။
မင်းအောင်လှိုင်၏ သဝဏ်လွှာပါ အချက်အလက်များသည် လက်တွေ့မြေပြင် အခြေအနေနှင့် ကီလိုမီတာပေါင်းများစွာ ကွာဝေးနေသလို၊ ပြည်သူများ ကြုံတွေ့နေရသည့် အငတ်ဘေးနှင့် စစ်ဘေးဒုက္ခများကို လျစ်လျူရှုကာ အပေါ်ယံ စကားလုံးလှလှလေးများဖြင့် ဖုံးကွယ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။
