စစ်တပ်က စာသင်ကျောင်းပေါ်ဗုံးကြဲသဖြင့် ကျောင်းသား ဒါဇင်ချီ သေဆုံးမှုအား အေအေစခန်းဟု စစ် လော်ဘီများ သတင်းအမှားဖြန့်

By Wadi/MPA

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို စစ်တပ်က ဗုံးကြဲခဲ့သဖြင့် ကျောင်းသား ဒါဇင်ချီ သေဆုံးမှုအား AA စခန်းကို ဗုံးကြဲရှင်းလင်းဟု စစ်တပ်ထောက်ခံသည့် တယ်လီ ဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။

စစ်တပ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီ ၁၃ မိနစ်တွင် “တပ်မတော်မိသားစု ၉၀၀ ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ကျောက်တော်ရှိ အကြမ်းဖက် AA မူးယစ်ဂိုဏ်းစခန်းကို တပ်မတော်ကချေမှုန်းရှင်းလင်း၊ အကြမ်းဖက် AA အဖွဲ့ဝင် ၄၀ ခန့်သေဆုံး” ဟု ဓာတ်ပုံနှင့် ဖြန့်ဝေထားသည်။

ထိုသို့ ဖြန့်ဝေထားမှုအား စက်တင်ဘာ ၁၂ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၁၈,၀၀၀ ကျော် ရှိပြီး Reaction ပေးသူ ၉၀၀ ကျော် ရှိနေသည်။

မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/TT7E9

“တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်ကလည်း စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီကျော်တွင် အတိအကျ သတင်းပေးမှုကြောင့် ကျောက်တော်မြို့ရှိ အေအေအဖွဲ့ စစ်သင်တန်းပေးနေသည့်နေရာကို စစ်ကောင်စီ ဗုံးကြဲရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းအား ဗုံးကြဲခဲ့ခြင်းဟု ဆိုကာ မီဒီယာများက တမင် ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း ဖြန့်ဝေခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ၁၈,၀၀၀ ကျော်၊ Reaction ပေးသူ ၄၆၀ ကျော် ရှိနေသည်။

သတင်းအမှားလင့်ခ် >>> https://archive.ph/Rgc5m

အဆိုပါ အကြောင်းအရာများကို အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

သတင်းအမှားလင့်ခ်များ >>>
Ko Thet – https://archive.ph/5BVy3
ဟန်ငြိမ်းဦး – https://archive.ph/TmW1Z

ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ BBC သတင်းဌာနက ဖော်ပြထားသော ဓာတ်ပုံနှင့် တူညီနေသည်။

BBC တွင် စက်တင်ဘာ ၁၂ ရက် နံနက် ၁ နာရီ ဝန်းကျင်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက် ပင်ကျေးရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ ကြောင်း၊ ဗုံးဒဏ်ကြောင့် သေဆုံးသူ ၂၀ ရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ ၂၀ ကျော် ရှိကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/yfMSu

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ကျောက်တော် စာသင်ကျောင်း ဗုံးကြဲခံရမှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, MPA, Narinjara” အပါအဝင် အခြား မီဒီယာများ၌ သတင်း ဖော်ပြထား ကြသည်။

သတင်းမီဒီယာများတွင် စက်တင်ဘာ ၁၂ ရက် နံနက် ၁ နာရီ ၀၅ မိနစ် တွင် ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ကြောင်း၊ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း ၊ ကျောင်းရှေ့တည့်တည့်သို့ကျရောက် ထိမှန်ခဲ့ခြင်းကြောင့် အထက်တန်း ကျောင်းသားအများစု အပါအဝင် ပြည်သူ ၁၈ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကို ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/IRSA
MPA – https://bitly.cx/mKZwu
Narinjara – https://bitly.cx/vBXPr

အဆိုပါ ဗုံးကြဲမှုနှင့် ပတ်သက်၍ အာရက္ခတပ်တော် ( အေအေ ) ကလည်း သတင်းထုတ်ပြန်ထားသည်။ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ စာသင်ကျောင်း ဗုံးကြဲခံခဲ့ရမှုကြောင့် ကျောင်းသူကျောင်းသားများ နှင့် အနီးနားရှိ ကလေးသူငယ်များ အပါအဝင် ၁၈ ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရပြီး ၂၀ ကျော် အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်ဖတ်ရှုရန် >>> https://bitly.cx/ymEbp

သုံးသပ်ချက်

အေအေ ထုတ်ပြန်ချက်နှင့် သတင်းမီဒီယာများတွင် ယနေ့ နံနက် ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်၊ သရက်တပင်ရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ ခြင်းကြောင့် ကျောင်းသူကျောင်းသား များ အပါအဝင် ၁၈ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက “ကျောက်တော်မြို့နယ်ရှိ အေအေ စခန်းအား ဗုံးကြဲရှင်းလင်း” ဆိုသည့် အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို ပုံဖျက်၍ သတင်းအမှားဖန်တီး၍ ဖြန့်ဝေနေခြင်းဖြစ်သည်။

အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၁၂ ရက် ညနေ ၄နာရီအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။