စစ်ကော်မရှင်တပ်မှ ဘောလခဲမြို့အတွင်းသို့ လေကြောင်းဖြင့် လူပို့ကာ အတုအယောင် မြို့လည်ပတ်ပြနိုင်ရေးအတွက် ကြိုးစားနေကြောင်း KA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယမန်နှစ် နှစ်ကုန်ပိုင်းနှင့် ယခုနှစ်အတွင်း စစ်ကော်မရှင်တပ်မှ ဘောလခဲမြို့တွင်းသို့ လေကြောင်းအသုံးပြုကာ ရိက္ခာ၊ စစ်ကော်မရှင်ခန့် အစိုးရဝန်ထမ်းများနှင့် စစ်ရှောင်ပြည်သူအချို့ကို ပို့ဆောင်နေခြင်းဖြစ်ကြောင်း ဘောလခဲစစ်ခွင် အခြေစိုက် KA ရဲဘော်တစ်ဦးက ပြောသည်။
“စပို့တာက အစိုးရဝန်ထမ်းတွေကို ၁၁ လပိုင်းနဲ့ ၁၂ လပိုင်းမှာ ပို့တယ်၊ ရဟတ်ယာဉ်နဲ့ပေါ့။ ဒီနှစ်ထဲမှာကျတော့ လွိုင်ကော်က စစ်ရှောင်အချို့ကို ပို့တယ်။ စစ်ရှောင်ဆိုပေမဲ့ ဝန်ထမ်းတွေရဲ့ မိသားစုတွေ အဓိကပါတယ်။ ဘောလခဲမြို့ထဲမှာ အင်အားက ၂၀၀ လောက်ရှိတယ်၊ ဒါက စုပေါင်းအရေအတွက်ပေါ့နော်” ဟု ၎င်းက ပြောသည်။
ဘောလခဲမြို့သည် ခရိုင်အဆင့်ရှိပြီး စစ်ကော်မရှင်၏ ဗျူဟာထိုင် တပ်စွဲရာနေရာဖြစ်သည့်အတွက် အရေးပါသည့်မြို့ဖြစ်ပြီး လက်ရှိတွင် ကုန်းလမ်းကြောင်း အသုံးပြုနိုင်ရေးအတွက် လမ်းမကြီးများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဝန်ထမ်းတွေ ပြန်ပို့ထားတယ်ကြားတယ်၊ ဆေးရုံတွေဘာတွေကအစပေါ့နော်၊ ဌာနဆိုင်ရာအဆောက်အအုံတွေလည်း သန့်ရှင်းရေးလုပ်တာမျိုးတွေ၊ ပြန်လည်ပတ်အောင် ပြင်ဆင်နေတာမျိုးရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကော်မရှင်က ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဒီမြို့မှာရှိတဲ့ ယန္တရားတွေကို ပြန်ပြီးလည်ပတ်နိုင်နေပြီဆိုတာမျိုး ပြချင်လို့ပဲ ဒီလိုကြိုးစားနေတယ်လို့ ကျွန်တော်တို့မြင်တယ်။ အဲ့တော့ ဝန်ထမ်းတွေက စစ်ကော်မရှင်ရဲ့ အမိန့်၊ အာဏာနဲ့အတူ သွားရတယ်ဆိုပေမဲ့ အချိန်မရွေး အန္တရာယ်ရှိနိုင်တယ်လို့တော့ ကျွန်တော်တို့က အသိပေးချင်တယ်၊ ဘာလို့ဆို တိုက်ပွဲတွေက ငြိမ်နေတာတော့မဟုတ်ဘူး၊ အမြဲတမ်း ထိတွေ့မှုတွေက ရှိနေတော့ တိုက်ပွဲတွေလည်း နောက်ခါဖြစ်ရင် ဖြစ်လာနိုင်တာပေါ့။ စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲပြီးတဲ့နောက်မှာ အတုအယောင် မြို့လည်ပတ်နိုင်တယ်ပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
ဘောလခဲမြို့အတွင်း စစ်မရှောင်နိုင်သည့် ပြည်သူများနှင့် စစ်ကော်မရှင်ကို ထောက်ခံသည့် ပြည်သူများသည် ယခင်ကတည်းက ယနေ့အထိ နေထိုင်လျက်ရှိသေးကြောင်းလည်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘောလခဲမြို့တွင်းသို့ ကုန်းလမ်းကြောင်းဖြင့် ရိက္ခာမရောက်ရှိသည့်အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုများ ရှိနေသည့်အပြင် သူခိုးများစွာနှင့်လည်း စစ်ကော်မရှင်မှ အကျိုးတူစီးပွားဖြစ်နေကြကြောင်း ဘောလခဲမြို့မှ တိမ်းရှောင်လာသည့် စစ်ရှောင်တစ်ဦးက ပြောသည်။
“စစ်ကော်မရှင်ကို ထောက်ခံတဲ့သူတွေကျန်မယ်၊ ပြီးတော့ မပြေးနိုင်တော့ဘူး၊ မသွားနိုင်တော့ဘူးဆိုတဲ့သူတွေပဲ ကျန်မယ်။ ပြီးရင်တော့ တစ်ခုကျန်တာက မြို့ထဲမှာ အခွင့်အရေးသမားတွေကျန်မယ်။ တချို့ အခွင့်အရေးသမားတွေက ဘယ်လိုလဲဆိုတော့ လူထုတွေက အားလုံးရှောင်သွားတဲ့အခါမှာ မြို့ထဲမှာရှိသမျှအိမ်တွေ လိုက်ဖောက်တာပေါ့၊ သူခိုးတွေကျန်တာပေါ့၊ သူခိုးတွေ လိုက်ဖောက်တယ်။ စစ်ကော်မရှင်နဲ့ လိုက်ပေါင်းပြီး ပြန်လဲကြတယ်။ သူတို့က ရှေးခေတ်တုန်းကလို ဖြစ်နေတာပေါ့။ ကုန်ပစ္စည်းတွေကတော့ သိပ်မဝင်ဘူး၊ အဲ့လိုမျိုးပဲ ရဟတ်ယာဉ်နဲ့ လာပို့တဲ့ဟာတွေထဲကပဲ မျှဝေစားသောက်။ တချို့လည်း ရွာထဲမှာရှိတဲ့ ကျွဲတွေနွားတွေနဲ့ တပ်ထဲမှာရှိတဲ့ ဆန်တွေနဲ့ ပြန်လဲကြတာမျိုးပေါ့။ အဲ့လိုမျိုးတွေ လုပ်နေကြတယ်ဆိုတာ သိရတာပေါ့” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ကရင်နီပြည်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်းကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးအား မကြာခင် ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဟု စစ်ကော်မရှင်မှ ထုတ်ပြန်ထားသော်လည်း ရဟတ်ယာဉ်ဖြင့်သာ ရိက္ခာနှင့် လူအင်အား ပို့နေနိုင်သေးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုက ပြောသည်။
လက်ရှိမြို့တွင်း နေထိုင်သူများသည် စစ်ကော်မရှင်ကို ထောက်ခံသူများ၊ စစ်မှုထမ်းဟောင်းများ၊ သက်ကြီးရွယ်အို ဒေသခံများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များဖြစ်ကြပြီး ဘောလခဲမြို့ ဒေသခံအများစုမှာ စစ်ဘေးရှောင်နေကြကြောင်း ဘောလခဲဒေသခံများက ပြောသည်။
