ကချင်ပြည်နယ်ရှိ လိုင်ဇာနှင့် မိုင်ဂျာယန်ကို ဗုံးကြဲရခြင်းမှာ ပြည်သူဆန္ဒကြောင့် ဖြစ်သည်ဟု စစ်တပ် လော်ဘီများ ဖြန့်ဝေနေသော အကြောင်းအရာ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၂၀ ရက် ည ၁၀ နာရီ ၂၃ မိနစ်တွင် ကချင်ပြည်နယ်ရှိ လိုင်ဇာနှင့် မိုင်ဂျာယန်မြို့များကို ဗုံးကြဲဖို့ဆိုသည်မှာ ပြည်သူ့ဆန္ဒသာဖြစ်ကြောင်း၊ ပြည်သူများက KIA ဌာနချုပ်ကို ဗုံးကြဲပြာချပေးဖို့ မျှော်လင့်နေကြောင်း အပြင် KIA များကို တိရစ္ဆာန်နှင့် ခိုင်းနှိုင်း သုံးနှုန်းထားသည့် စကားလုံးများနှင့်အတူ ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့ သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/N2tFj
Lashio thar – https://archive.ph/41MUL
Min Din – https://archive.ph/WnLKR
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
Google တွင် “ကချင် လိုင်ဇာ၊ မိုင်ဂျာယန် ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mizzima, BBC, People’s Spring” တို့က သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၂၀ ရက်က KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၁ ရက်က KIA တပ်မဟာ ၉ ဌာနချုပ် အပါအဝင် တပ်မဟာ နယ်မြေ သုံးခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ က ကချင်ပြည်နယ်၊ မိုင်ဂျာယန် အနီး ဘွမ်ကထောင်ကျေးရွာနှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပဲနုပ်ဆွပ်ရွာ များကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက မြစ်ကြီးနားလေဆိပ်တွင် MNA လေကြောင်းလိုင်းခရီးသည်တင်ယာဉ်ကို KIA နှင့် PDF များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု စစ်ကော်မရှင်က စွပ်စွဲထားပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း KIA ဌာနချုပ်ကို ဗုံးကြဲရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အရပ်ဘက်လေယာဉ် ဒရုန်းထိမှန်မှုနှင့် ပတ်သက်ပြီး KIA ကတော့ တိုက်ခိုက်ခြင်းမရှိဘူးဟု ငြင်းဆိုထားသည်။
အပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/3GOV
BBC – https://bitly.cx/cCPIU
People’s Spring – https://bitly.cx/9iN8B
သုံးသပ်ချက်
သတင်းမီဒီယာများတွင် လိုင်ဇာနှင့် မိုင်ဂျာယန် အပါအဝင် KIA ထိန်းချုပ်နယ်မြေများကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုများပြုလုပ်ခဲ့သည့်အတွက် အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
KIA က အရပ်ဘက်လေယာဉ်ကို တိုက်ခိုက်ဆိုသော စစ်တပ်၏ စွပ်စွဲမှုနှင့် စစ်တပ်လော်ဘီများ၏ ဗုံးကြဲရန် လှုံ့ဆော်မှုများ ပြုလုပ်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။
လိုင်ဇာနှင့် မိုင်ဂျာယန်တို့ကို စစ်တပ်ဗုံးကြဲမှုသည် ပြည်သူများ၏ တောင်းဆိုမှုမဟုတ်ဘဲ စစ်တပ်လော်ဘီ များ၏ တံဆိပ်ကပ် ဝါဒဖြန့်ချိမှုသာဖြစ်သည်။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ ပြည်သူ့ဆန္ဒကြောင့် ဗုံးကြဲခြင်း ဖြစ်သည်” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
