ကရင်နီတွင် လက်နက်အကြွင်းအကျန်များ ဖြုတ်ယူရောင်းဝယ်နေခြင်းကို ဥပဒေဖြင့် အရေးယူရန် ခက်ခဲနေဟု IECဆို

ဓာတ်ပုံ - MPA
ပုံစာ - ကရင်နီပြည်နယ်အတွင်း မိုင်းသတိပေး ဆိုင်းဘုတ်နှင့် စစ်လက်နက်အကြွင်းအကျန်

ကရင်နီပြည်တွင် လက်နက်အကြွင်းအကျန်များ ဖြုတ်ယူရောင်းဝယ်နေခြင်းကို ဥပဒေဖြင့် အရေးယူရန် ခက်ခဲနေသေးကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။

IEC အနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသန္တရအမိန့်ဖြင့် လက်နက်ခဲယမ်းများအား ရောင်းဝယ်ဖောက်ကားခြင်းနှင့် သယ်ဆောင်သွားလာခြင်း မပြုရန် ထုတ်ပြန်ခဲ့ပြီး လက်ဝယ်ကိုင်ဆောင်သူများအနေဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများထံတွင် မှတ်ပုံတင်ကြရန် ကြိုးစားခဲ့ဖူးသော်လည်း လိုက်နာဆောင်ရွက်သူ တစ်ဦးမျှမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“တပ်ပိုင်းဆိုင်ရာ လက်နက်ခဲယမ်းတွေကတော့ တပ်ပိုင်းဆိုင်ရာကပဲ ကြီးကြပ်တာကတော့ ပိုပြီးတော့ ထိရောက်မှုရှိတယ်ပေါ့။ ဒေသန္တရအမိန့် ဘယ်လောက်ထုတ်ထုတ် လူထုတွေက ဆက်ပြီးတော့ ကိုင်ဆောင်နေတာမျိုးတွေရှိတယ်။ ပညာပေးရေးလုပ်ငန်းတွေ လုပ်သည့်တိုင်အောင် မသိတာလည်း ဖြစ်နိုင်တယ်၊ တချို့ပေါ့နော် စီးပွားရေးအရမှာလည်း လက်နက်အကြွင်းအကျန်တွေကို ဖြုတ်ယူရောင်းဝယ် လုပ်နေတာတွေလည်း တွေ့နေရသေးတော့ ပညာပေးလုပ်ငန်းကလွဲရင် ဥပဒေကြောင်းအရ လုပ်ရကိုင်ရခက်နေတာတွေလည်း တွေ့နေရတယ်။ မြေပြင်မှာကတော့ ထိတွေ့တာတွေ၊ ကိုင်တွယ်တာတွေ တွေ့နေရတာပေါ့နော်။ အဲဒီအတွက်ကြောင့် ပေါက်ကွဲသေဆုံးမှုတွေလည်း ဆက်တိုက်ကြားနေရတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

ကရင်နီပြည်နယ်သည် စစ်ကော်မရှင်တပ်များနှင့် အနီးဆုံးတွင်ရှိပြီး ထိတွေ့မှုများ ဆက်တိုက်ရှိနေသည့် ပြည်နယ်ဖြစ်သည့်အတွက် လက်နက်ခဲယမ်း ရောင်းဝယ်ဖောက်ကားမှုများလည်း ယနေ့တိုင်ရှိနေဆဲဖြစ်ကြောင်း လက်နက်ရောင်းဝယ်ဖောက်ကားမှု လုပ်ကိုင်နေသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် စစ်ကော်မရှင်မြုပ်ခဲ့တဲ့ မိုင်းတွေကို ပြန်ဖော်ပြီးရောင်းတာရှိတယ်၊ ရတဲ့ဈေးကလည်း ဟင်းဖိုးလောက်ပေါ့။ အလုပ်အကိုင်ရှားတော့ သေဖို့ထက် နေဖို့ခက်လာတာပေါ့၊ သောင်းဂဏန်းအတွက်နဲ့ အသက်စွန့်တာမျိုးရှိတယ်။ ကျည်နဲ့ ဗုံးသီးတွေလည်း ရောင်းဝယ်ကြတယ်။ ဒရုန်းဗုံးသီးတွေဆို မကွဲတဲ့အလုံးတွေကို ပြန်ပြင်ပြီးရောင်းကြတယ်။ ကပ်ခ်နောက်မှာ ထည့်ပြင်ပြီးရောင်းတာပေါ့။ တစ်လုံးကို သန့်ရင်သန့်သလောက် ၁ သိန်းကနေ ၁ သိန်းခွဲအထိ ပေါက်တယ်။ ဝယ်တဲ့သူကလည်း အပတ်ရေကုန်ခါနီး ဗုံးသီးမျိုး သိမ်းထားမိရင် ဘယ်တော့ကွဲမလဲ ပူရတာပေါ့။ အကျိုးစီးပွားဆိုတော့လဲ မကြောက်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

လက်နက်ခဲယမ်းများနှင့် နီးစပ်ကျွမ်းကျင်သူများပင် လက်နက်ကြီးနှင့် ဗုံးသီးအန္တရာယ်များ စမ်းသပ်ချိန်တွင် သတိကြီးကြီးထားရပြီး ပေါက်ကွဲမှုဖြစ်စဉ်များ ကြုံရသည့်အတွက် ဒေသခံများအနေဖြင့် စစ်လက်နက်အကြွင်းအကျန်များကို တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် IEC မှ ပိုစတာများထုတ်ကာ ပညာပေးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက် နံနက် ၈ နာရီဝန်းကျင်ကလည်း ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာတွင် လက်နက်ကြီးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် နှစ်ဦးပွဲချင်းပြီး သေဆုံးကာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ တပ်ခွဲမှူးတစ်ဦး လက်ပြတ်သွားခဲ့ကြောင်း ကလလတ တပ်ဖွဲ့ ဗျူဟာ (၂) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တပ်ခွဲမှူးတစ်ယောက်က သူ့ရဲ့ ၆၀ သီး ပြင်ခိုင်းတာ၊ ပြင်ခိုင်းတဲ့ရွာသား နှစ်ယောက်ထိတာ။ ရွာသားနှစ်ယောက်က ၆၀ သီးကို ထုရင်းနဲ့ကွဲတာတဲ့။ ကျတော်တို့ဆီက တပ်ခွဲမှူးကတော့ လက်ပဲထိတာ။ ရွာသားနှစ်ယောက်ကတော့ ဆုံးသွားတယ်ပြောတယ်။ အခုတော့ ရွာကပြန်လာ သယ်သွားတယ်။ တပ်ခွဲမှူးကတော့ ဆေးကုသမှုခံယူနေဆဲပါပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် IEC အနေဖြင့် ဒေသခံပြည်သူများထံ လူထုဟောပြောပွဲများ ပြုလုပ်ခြင်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပညာပေးလုပ်ငန်းများကိုသာ ဆက်တိုက်လုပ်ကိုင်နေပြီး စစ်လက်နက်ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး ဘာကိုမှ သီးသန့်မှတ်ချက်ပြုစရာမရှိကြောင်း IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။