စစ်ကိုင်းတိုင်း မြင်းမူမြို့ အရှေ့မြောက် မိုင် ၂၀ခန့်အရွာရှိ ရွှေကျောင်းကန်ရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့ရာ ၁၀နှစ်အောက် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ကိုးဦး သေဆုံးမှုကို PDF များ သေဆုံးဟူ၍ စစ်တပ် လော်ဘီများက လုပ်ကြံဝါဒဖြန့်နေ ကြသည်။
သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်ထားသော စစ်တပ်လော်ဘီ “Truth Media” နှင့် “နေပြည်တော်” တယ်လီ ဂရမ်ချန်နယ်က ၂၀၂၆ ဖေဖော်ဝါရီ ၂၄ရက် နံနက် ၁၁နာရီကျော်တွင် ဗုံးကြဲခံရမှုကြောင့် သေဆုံးနေသော ရုပ် အလောင်းဓာတ်ပုံ များနှင့်အတူ PDF များ သေဆုံးခြင်းဖြစ်ကြောင်း သတင်းအမှားကို ရေးသားဖြန့်ဝေထား သည်။
သတင်းအမှားလင့်ခ်
Truth Media – https://bitly.cx/LCc3
နေပြည်တော် – https://bitly.cx/iAsbC
စစ်တပ်လော်ဘီများ၏ လုပ်ကြံထားသော သတင်းအမှားကို MPA fact-check team က အချက်အလက်စစ် ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
Google တွင် “ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ သတင်းမီဒီယာလုပ်ငန်းစဉ် အတိုင်း အဆင့်ဆင့် စိစစ်အတည်ပြုရေးသားဖော်ပြနေသော သတင်းမီဒီယာများက သတင်းဖြစ်စဉ်အပြည့် အစုံ ကို ဖော်ပြထားသည်။
သတင်းများတွင် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ရွှေကျောင်းကန်ရွာကို ဖေဖော်ဝါရီ ၂၃ရက် ည ၇နာရီခန့်တွင် အာဏာသိမ်းစစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဂျိုင်ရိုကော်ပတာနှစ်စီးဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးဒဏ်ကြောင့် အသက် ၁၀နှစ်အောက် မိန်းကလေးတစ်ဦးနှင့် ယောကျာ်းလေးတစ်ဦး၊ သက်ကြီးပိုင်း အမျိုးသမီး သုံးဦးနှင့် အမျိုးသား လေးဦး စုစုပေါင်း ကိုးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
သတင်းလင့်ခ်များ
BBC – https://bitly.cx/TDZkI
Western News – https://bitly.cx/N5Pch
Mizzima – https://bitly.cx/SYoPS
DVB – https://bitly.cx/GNmHL
အလားတူ အာဏာသိမ်းစစ်တပ်သည် ၂၀၂၅ ဧပြီ ၁၉ရက်တွင် မြင်းမူမြို့နယ် ကန်တော်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား သုံးဦးသေဆုံးခဲ့ဖူးကြောင်း သိရသည်။
သုံးသပ်ချက်
သတင်းမီဒီယာများ၏ ဖော်ပြချက်အရ စစ်တပ်ဗုံးဒဏ်ကြောင့် မြင်းမူ ရွှေကျောင်းကန်ရွာရှိ ကလေးငယ်နှစ်ဦး အပါအဝင် ကိုးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စစ်တပ်လော်ဘီချန်နယ်များက “ဗုံးဒဏ်ကြောင့် PDF များ သေဆုံး”ဟူ၍ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ လုပ်ကြံထားသော သတင်းအမှားဖြန့်နေခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
