ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဟန်ဆောင်ပြီး ဖမ်းဆီး ဓားပြတိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ရက်၊ ည ၇နာရီခွဲခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီး စိန်စိန်မြေစာပုံ တစ်ဝိုက်တွင် ရေမဆေးကျောက်ရှာသမားများနှင့် ကျောက်အရောင်းအဝယ် လုပ်ကိုင်ကြသည့် လူငယ်များကို ပေါ်တာဆွဲဟန်ဆောင်ကာ ဖမ်းဆီးပြီး 4 Wheels ကားတစ်စီးဖြင့် တင်ခေါ်သွားကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” အဖမ်းခံရသူတွေက နေရာတစ်ခုတည်းက အဖမ်းခံရတာမဟုတ်ဘဲ စိန်စိန်မြေစာပုံတစ်ဝိုက် ကားနဲ့ လိုက်လံ ဖမ်းဆီးခဲ့တာပါ။ မလိုက်ဘဲ ငြင်းတဲ့သူတွေကို ထိုးကြိတ်ရိုက်နှက်ကန်ကြောက်ပြီး ကားထဲ အတင်းထိုးထည့်တယ်။ အဖမ်းခံရသူက ၁၀ယောက်လောက်ရှိတယ်။ ကားပေါ်ရောက်မှ လက် နောက်ပြန်ကြိုးတုပ်တယ်။ အဝတ်ခေါင်းစွပ်ပြီးခေါ်သွားတာ။ ဘယ်နေရာကို ခေါ်သွားလဲမသိရဘူး။ ဖမ်းသွားတဲ့လူတွေကို နေရာခွဲပြီး ညလုံးပေါက်ထိုင်ခိုင်းထားတာ။ ပါလာသမျှ ပစ္စည်းတွေကိုလည်း ယူတယ်” ဟု ဖားကန့်မြို့ သတင်းရင်းမြစ်က MPA ကိုပြောသည်။
ဓားပြတိုက်သူများသည် ဂျိန်းဖောစကားကို ပြောဆိုကြပြီး မည့်သည့်အဖွဲ့အစည်းက ဖြစ်ကြောင်းနှင့် ဓားပြတိုက်ချိန်၌ လက်နက်ကိုင်ဆောင်ထားခြင်းရှိ၊မရှိကို အတည်မပြုနိုင်ကြောင်း ၎င်းကပြောသည်။
“စစ်တပ်ကတော့ ပေါ်တာဆွဲလေ့ဆွဲထမရှိဘူး။ ဒါပေမဲ့ KIA KPDF ကို ပုံဖျက်ချင်လို့ လုပ်သလားပေါ့။ စစ်တပ်က လွတ်လွတ်လပ်လပ်သွားနိုင်တဲ့ အနေအထားမှာလည်း မရှိဘူး။ သူတို့ စစ်ကြောင်းအ လိုက်ပဲ သွားလာရဲတာ။ အယောင်ဖျောက်ပြီးထွက်လာလည်း တော်လှန်ရေးဘက်က ထောက်လှမ်း ရေးတွေရှိနေတော့ လိုက်ပစ်ခံရတာများတယ်။ တစ်ခုရှိတာက ဝါရာဇွပ် ပြည်သူ့စစ်တို့၊ မင်းဇေသန့် ပြည်သူ့စစ်တို့ထဲမှာ ကချင်တွေလည်းရှိတော့ KIA ကို ပုံဖျက်ချင်လို့ လုပ်တာလားပေါ့။ မဟုတ်ရင် တော့ KIA ကပဲ လုပ်တာ။ ဒီနှစ်ခုပဲ ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဓားပြတိုက်ခံရသည့်လူငယ်များကို ယနေ့ ( ဖေဖော်ဝါရီ ၂၅ရက် ) နံနက် ၅နာရီခန့်တွင် ဖားကန့်မြို့ အနှံ့၌ နေရာခွဲ၍ ၂ဦး သို့မဟုတ် ၃ဦးစီခွဲကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ 125 KENBO ဆိုင်ကယ် တစ်စီး၊ ကျောက်တစ်လုံးနှင့် ဖုန်းများ ဆုံးရှုံးခဲ့ပြီး ငွေကြေးမည်မျှ ဆုံးရှုံးခဲ့သည်ကိုတော့ မသိရသေးပေ။
ဖားကန့်မြို့နယ်၌ KIA၊ KPDF၊ စစ်တပ်၊စစ်တပ်လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်၊ မင်းဇေသန့် ပြည်သူ့စစ်နှင့် SNA တို့ လှုပ်ရှားလျက်ရှိသည်။
