ခင်ဦးတွင် မီးရှို့ကိုကိုဟု နာမည်ဆိုးတွင်နေသော စစ်ဗိုလ် တော်လှန်ရေးကျည်သင့် ပွဲချင်းပြီး

ဓာတ်ပုံ-ခင်ဦးမြို့နယ် ပကဖ
ပုံစာ- အောင်ပွဲခံပကဖရဲဘော်များ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း မီးရှို့ကိုကိုဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် စစ်ဗိုလ်တစ်ဦး တော်လှန်ရေး ကျည်သင့်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

ဖေဖော်ရီ ၂၄ရက်၊ ညနေ ၆နာရီခန့်တွင် ခင်ဦးမြို့အနောက်ဘက်အထွက် ခင်ဦး-ရေဦးလမ်းပိုင်းပေါ်သို့ မီးလာရှို့သော အင်အား ၄၀ဝန်းကျင်ပါ စစ်ကြောင်းကို ခင်ဦးပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်ဖြစ်သူ ကျော်ကိုကိုဦး သေဆုံး၍ စစ်သားတစ်ဦး ဒဏ်ရာရပြီးနောက် ပြန်လည်ဆုတ်ခွာသွား ကြောင်း ခင်ဦးမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။

” ခင်ဦးမြို့ ၏ အနောက်ဘက် အထွက်၊ သံချပ်ကာ ကား အကွယ်အကာလုပ်ပြီးမီးထွက်ရှို့တာပါဗျ” ဟု ခင်ဦးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။

ကျည်သင့်သေသွားသည့် ကျော်ကိုကိုဦးသည် ၎င်းကိုယ်၎င်း မီးရှို့ကိုကိုဟူ၍ ပြည်သူများကြား ကြွေး ကြော်ခြိမ်းခြောက်နေသူဖြစ်ကြောင်း သိရသည်။

“ဒီကောင်က ပြည်သူ့အိုးအိမ်တွေ မီးရှို့ရတာကို အင်မတန်ဝါသနာပါပြီး ဂုဏ်ယူနေတာ။သူက ကလေးတောင် လုပ်တတ်တဲ့ မီးရှို့တဲ့အလုပ်ပဲ ကျွမ်းကျင်တာပါ။စစ်ရေးစစ်ရာမှာတော့ ကယောင်က တမ်းနဲ့ ဆောင့်ကြွားကြွားလုပ်တတ်တာကလွဲ ဘာအဆင့်မှမရှိဘူးလို့ ကြားဖူးတယ်”ဟု ခင်ဦးအခြေ စိုက် PDFရဲဘော်တစ်ဦးက ပြောသည်။

ကျော်ကိုကိုဦး (မီးရှို့ ကိုကို)ကို ယနေ့ (ဖေဖော်ဝါရီ ၂၅ရက်) မွန်းလွဲ တစ်နာရီခွဲခန့်တွင် ခင်ဦးမြို့၊ တောင်သုသာန်၌ မီးရှို့ သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။

ကျော်ကိုကိုဦးသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၂၂ရက်က ခင်ဦး – ရွှေဘို နယ်စပ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီး၊ တပ်ကြပ်တို့အပါအဝင် အများအပြား သေဆုံးပြီး လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သည့် တိုက်ပွဲအပြီး လာရောက်ပို့ဆောင်၊ တပ်ချိန်းထားသည့် ရန်ကုန် တမဟ ၄ က ဖြစ်ကြောင်း ခင်ဦးပကဖ က သတင်းထုတ်ပြန်ထားသည်။

ယင်း မီးရှို့စစ်ကြောင်းသည် ခင်ဦးမြို့ပြည်သူ့ဆေးရုံ၌ အထိုင်ချနေသော တပ်ဖြစ်ပြီး ခင်ဦးမြို့အ နောက် ဘက်အထွက်၊ ခင်ဦး-ရေဦးလမ်းဘေးရှိ နေအိမ်များ၊ ဆေးဆိုင်များနှင့် ဆန်စက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဖေဖေါ်ဝါရီ ၂၄ရက်တိုက်ပွဲတွင် MA1 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲ ဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ခင်ဦးမြို့နယ်၊ မြို့နယ် ပကဖများ၊ UG ပကဖများနှင့် တိုက်နယ် ပကဖများ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။