မွန်ဝန်ကြီးချုပ် လက်သပ်မွေးထားသော မော်လမြိုင်ကြံ့ဖွံ့ အုပ်ကြီးဂိုဏ်း ပြိုလဲတော့မည်ဟုဆို

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်အတွင်း ဝန်ကြီးချုပ်အောင်ကြည်သိန်း လက်သပ်မွေးထားသော ကြံ့ဖွံ့အုပ်ချုပ်ရေးမှူးဂိုဏ်း ပြိုလဲတော့မည်ဟု သိရသည်။

လာမည့် တရားမဝင်အစိုးရလက်ထက်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် စစ်တပ်က တင်သွင်း လိုက်သော အစိတ်သားအမတ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်း ရရှိမည်ဆိုသည့်သတင်းနှင့်အတူ ကြံ့ ဖွံ့ အုပ်ချုပ်ရေးမှူးများလည်း ဗိုလ်ကျထောင်လွှားခြင်းများ မရှိသလောက်ဖြစ်လာကြောင်း မော်လမြိုင် မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။

“မော်လမြိုင်က အုပ်ကြီး ၁၀၀ရာခိုင်နှုန်းက ကြံ့ဖွံ့ပါတီဝင်တွေချည်းပဲ။အောင်ကြည်သိန်းရဲ့ တပည့် တင်ချို (မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်)ခန့်ထားတာ။အုပ်ကြီးတွေ တစ်လကို အကြံအ ဖန်ရတာ သိန်း၁၀၀ အသာလေးပဲ။အောင်ကြည်သိန်းဆီကို တင်ချိုကနေတစ်ဆင့် လစဉ် လိုင်းကြေး တင်ရတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ကြံ့ဖွံ့အုပ်ကြီးများသည် စားသောက်ဆိုင်၊ကေတီဗီဆိုင်၊အနှိပ်ခန်း၊ပြည့်တန်ဆာ ခန်း၊ချဲ၊မူးယစ် ဆေး၊လောင်းကစား၊ အိမ်ခြံမြေအရောင်းအဝယ်နှင့် စစ်မှုထမ်းကြေးတို့မှ တရားမဝင်ဝင်ငွေရရှိကြပြီး ဝန်ကြီးချုပ်အရှိန်ကြောင့် အာဏာကြီးသဖြင့် နယ်ထိန်းရဲများကိုပင် အဖက်မလုပ်ကြကြောင်း သိရသည်။

လာဘ်စားကြမ်းသည်ဟု နာမည်ကြီးသော မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တင်ချိုမှာ မော်လမြိုင်မြို့နယ်ကြံ့ဖွံ့ဥက္ကဌဖြစ်ပြီး ၂၀၂၅ တရားမဝင်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်လွှတ်တော်၊ အချိုးကျကိုယ် စားပြု စနစ်(မဲဆန္ဒနယ်အမှတ်၁)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

“ဝန်ကြီးချုပ်ရဲ့ ရည်မှန်းချက်က လာမယ့်အစိုးရကျရင် သူလည်းဝန်ကြီးချုပ်၊သူ့လူ တင်ချိုတို့ဘာတို့ လည်း ပြည်နယ်ဝန်ကြီး။ကျန်တဲ့သူနဲ့ပေါင်းစားနေတဲ့သူတွေလည်း သူ့ရာထူးနဲ့သူ အနေအစားမပျက် ဘူးပေါ့။အခုတော့ ရွေးကောက်ပွဲမှာ မွန်ပါတီ(မွန်ညီညွတ်ရေးပါတီ)က တော်တော်နိုင်သွားတော့ အဲ ကနေစပြီး နေပြည်တော်က သူ့(အောင်ကြည်သိန်း)ကို ဖြုတ်ဖို့ စဉ်းစားပုံရတယ်။အခုတော့ ဝန်ကြီး ချုပ်တို့တစ်အုပ်စုလုံး ပွဲပြီးပြီ”ဟု ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည် နယ်လွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာ မှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့ပြီး အောင်ကြည်သိန်းရရှိသော ကြိုတင်မဲများကို ဒေသခံတို့က မယုံကြည်ကြပေ။

မွန်ပြည်နယ်တရားမဝင်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့က ၂၁ နေရာဖြင့် ပထမနှင့် မွန်ညီညွတ်ရေးပါတီက ၁၇နေရာဖြင့် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည်။