ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံတန်ဖိုးရှိ ချေးငွေသဘောတူညီချက်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုလိုက်ပြီး ယင်းအနက်မှ ဒေါ်လာ ၁ ဒသမ၅ ဘီလီယံခန့်ကို ချက်ချင်းထုတ်ယူသုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက် တွင် ထုတ်ပြန်ခဲ့သည်။
၄၈ လအတွင်း ထုတ်ပေးသွားမည့် အဆိုပါချေးငွေအစီအစဉ်သစ်ကို ယခင်ချေးငွေအစီအစဉ်ဟောင်းနေရာတွင် အစားထိုးမည်ဖြစ်ရာ ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲ ၅ နှစ်ထဲသို့ ရောက်ရှိလာချိန်တွင် စီးပွားရေးတည်ငြိမ်မှုရှိစေရန် ကြိုးပမ်းနေသည့် ယူးရိန်းအစိုးရအတွက် အထောက်အပံ့ ဖြစ်စေနိုင်မည်ဖြစ်သည်။
IMF ဝန်ထမ်းများနှင့် ယူကရိန်းအာဏာပိုင်များသည် အဆိုပါရန်ပုံငွေနှင့်ပတ်သက်၍ ဝန်ထမ်းအဆင့် သဘောတူညီချက်ကို ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ရရှိခဲ့ကြခြင်းဖြစ်သည်။
“အာဏာပိုင်တွေရဲ့ အစီအစဉ်သစ်ရဲ့ အဓိကပန်းတိုင်တွေကတော့ စီးပွားရေးနဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းဖို့၊ ကြွေးမြီပေးဆပ်နိုင်စွမ်းကို ပြန်လည်ရရှိစေဖို့နဲ့ စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးမှာ အထောက်အကူဖြစ်စေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ပြီး ယူကရိန်းရဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်ကို ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်” ဟု IMF က ဆိုသည်။
“ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေဟာ ၄ နှစ်ကျော်ကြာအောင် ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ စစ်ပွဲဒဏ်ကို ထူးခြားတဲ့ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုနဲ့ ကျော်ဖြတ်ခဲ့ကြပါတယ်” ဟု IMF ညွှန်ကြားရေးမှူးချုပ် ခရစ်စတလီနာ ဂိုဂရီဗာက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းဒုတိယဝန်ကြီးချုပ် ယူလီယာ ဆဗီရီဒန်ကို က ပထမအရစ်ရရှိသော ရန်ပုံငွေများကို ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းရန်နှင့် စီးပွားရေးတည်ငြိမ်မှုကို ပံ့ပိုးရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သူမ၏ Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားသည်။
“စစ်ပွဲ ၅ နှစ်ထဲကို ရောက်လာချိန်၊ စွမ်းအင်ကဏ္ဍအပေါ် စနစ်တကျ တိုက်ခိုက်ခံနေရတဲ့ အခြေအနေမျိုးမှာ ယူကရိန်းအနေနဲ့ မိတ်ဖက်နိုင်ငံတွေဆီက နိုင်ငံတကာဘဏ္ဍာရေး အထောက်အပံ့တွေနဲ့ နိုင်ငံတော်တည်ငြိမ်စွာ လည်ပတ်နိုင်ဖို့ အရင်းအမြစ်တွေ အာမခံချက်ရရှိထားတာဟာ ကျွန်မတို့အတွက် အလွန်အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမြေပေါ်တွင် အဆိုးရွားဆုံးဖြစ်ခဲ့သော ယခုစစ်ပွဲအတွင်း လူပေါင်းသိန်းချီ သေဆုံးခဲ့ပြီးဖြစ်သည်။
IMF သည် စစ်ပွဲစတင်ကတည်းက ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် (ယခု နောက်ဆုံး အတည်ပြုလိုက်သော ၈.၁ ဘီလီယံ မပါဝင်) ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။
