စစ်ရေးအရ အရေးပါသည့်နေရာတွင် လုယက်အထိုင်ချရန် ကြိုးစားနေသောစစ်တပ်ကို PDF ပြန်တိုက်

ဓာတ်ပုံ - ပေးပို့
ပုံစာ - စစ်တပ်က မီးရှို့ဖျက်ဆီးထားသည့် နတ်တလင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာ။ ( ပုံဟောင်း )

စစ်ရေးအရ အရေးပါသည့် နတ်တလင်းမြို့နယ်၊ ကံစုတာဂွရွာတွင် လုယက်အထိုင်ချရန် ကြိုးစားနေ သောစစ်တပ်ကို PDFတို့ ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ရက်၊ နံနက် ၅နာရီခွဲခန့်က ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ၊ ကံစုတာဂွရွာရှိ PDF ကင်းစခန်းကို စစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် PDF များ ပြန်လည်ဆုတ်ခွာသွားခဲ့ရာ ယနေ့ ( ဖေဖော်ဝါရီ ၂၇ရက် ) အထိ စစ်တပ်က တပ်စွဲထားကြောင်း သိရသည်။

” ကျနော်တို့က သူတို့ အုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းပေါ့။ အခု တောင်ညိုနဲ့ နတ်တလင်းကို သွားတဲ့ လမ်းမကို ဖြတ်တောက်ရေးလုပ်ထားတာ။ ဒီကင်းစခန်းကလည်း ဖြတ်တောက်ရေးလုပ် ထားတဲ့ ကင်းစခန်း။ စစ်ရေးအရဆိုရင် ကျနော်တို့က တောင်ညိုကို ဝိုင်းပတ်ချေမှုန်းမယ်ဆိုရင် အဲနေရာက အရေးကြီးတယ်ပေါ့နော်။ အရင်တုန်းကလည်း သူတို့ထိုင်ဖူးတော့ ပြန်ထိုင်တဲ့သ ဘောပါပဲ။ အုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းကို ပြန်ဖွင့်တာပေါ့ ” ဟု နတ်တလင်းမြို့နယ် စစ်ရေး သတင်းရင်းမြစ်က MPA ကို ပြောသည်။

ဖေဖော်ဝါရီ ၂၆ရက်၊ ညနေ ၄နာရီခန့်ကလည်း ကံစုတာဂွရွာရှိ စစ်ကြောင်းကို ဒေသခံ PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

” ကိုယ့်ဘက်ကနေ ပြန်သွားတိုက်ခိုက်ခဲ့တာပါ။ ဒီထိ‌တွေ့မှုမှာတော့ ကျနော်တို့ဘက်က အကျအဆုံး မရှိပါဘူး။ ရန်သူ့ဘက်က ဘယ်လောက်ဆိုတာတော့ မသိနိုင်သေးဘူး။ စစ်ရေးလည်း ရှုပ်ထွေးနေ တော့။ အလောင်းတွေ ဆွဲသွားတာတွေ မြင်ရပေမဲ့ အသေးစိတ်အတည်မပြုနိုင်သေးတာ။ ဒီမနက် တော့ တိုက်ပွဲထပ်ဖြစ်တာမရှိသေးဘူး။ မနက်ကတော့ ရွာအနီးမှာ စစ်သားတွေ ကင်းပုန်းဝပ် နေကြ တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖေဖော်ဝါရီ ၂၅ရက်၊ နံနက် ၅နာရီခွဲခန့်က တောင်ညိုရဲစခန်းမှ အင်အား ၇၀ ခန့်ဖြင့်ထွက်လာသော စစ်တပ်စစ်ကြောင်းသည် ကံစုတာဂွရွာရှိ PDF ကင်းစခန်းကို ဝင်စီးခဲ့ရာ ၃နာရီခန့် ကြာ တိုက်ပွဲဖြစ် ပွားခဲ့ပြီး PDFရဲဘော် ၂ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်များတွင် နတ်တလင်းမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်၍ PDF များအား ရှင်းလင်းရန်လှုံ့ဆော်လျက်ရှိပြီး ယခုလအတွင်း နတ်တလင်းအရှေ့ခြမ်းရှိ ကျေးရွာ ၃ရွာထက်မနည်း မီးရှို့ခံထားရသည်။