ဖားဆောင်းရှိ စစ်သား ဇနီးသည်များကို ရေကြောင်း၊ လေကြောင်းသုံးကာ လွိုင်ကော်သို့ ပို့ဆောင်နေ

ဓာတ်ပုံ - ပေးပို့
ပုံစာ - ဘော်လခဲမြို့တွင်းရှိ စစ်ကော်မရှင်နှင့် တပ်တွင်းမိသားစုများအား တွေ့ရစဉ်။ (ပုံဟောင်းအား အသုံးပြုထားသည်)

ကရင်နီပြည်၊ ဖားဆောင်းမြို့ ရှိ စစ်သား ဇနီးသည်များကို ရေကြောင်း၊ လေကြောင်းသုံးကာ လွိုင်ကော်မြို့သို့ ပို့ဆောင်ပေးနေကြောင်း ခိုင်မာသည့် တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က ဖားဆောင်းမြို့တွင်းရှိ စစ်ကော်မရှင်တပ်မှ စစ်သားဇနီးသည်များကို ရေကြောင်းဖြင့် ဘော်လခဲမြို့သို့ ပို့ဆောင်ခဲ့ပြီးနောက် လွိုင်ကော်မြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

“၂၂ ရက်နေ့ ညပိုင်းက ဖားဆောင်းက စစ်သားမယားတွေကို ထူးချောင်းသုံးပြီး ဘော်လခဲကို စက်လှေနဲ့ပို့တာ။ အင်အားက ၃၀ လို့ ကြားတယ်။ ဘော်လခဲကို ရောက်တာက ၂၃ ရက်နေ့ပေါ့၊ စစ်ရေးပြင်းထန်မှာမို့ စစ်သည်မိသားစုတွေကို အရင်ပို့တာလို့ ပြောတယ်။ သူတို့အခေါ်အရတော့ စစ်နတ်သမီးတွေပေါ့။ စစ်သားမယားတွေထဲမှာက ကယားဒေသခံတွေလည်း ပါတယ်။ သူတို့က တပ်ထဲမှာ အရက်ချက်ရောင်းတာတို့၊ ဒေသအစားအစာတွေ လုပ်ရောင်းတာတို့ လုပ်ကြတာ” ဟု ၎င်းက ပြောသည်။

ဖားဆောင်းမြို့အခြေစိုက် ၁၃၅ တပ်ရင်းအတွင်း စစ်ကော်မရှင်တပ်သားများနှင့် မိသားစုဝင် စုစုပေါင်း ၈၀ ဦးမှ ၁၂၀ ဦးခန့် နေထိုင်လျက်ရှိသည်ဟု ခန့်မှန်းကြောင်း မြေပြင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဘော်လခဲမြို့သို့ ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်သားများ၏ ဇနီးသည်များကို လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) သို့ စစ်ကော်မရှင်တပ်မှ ပို့ဆောင်ပေးနေကြောင်း ဘော်လခဲရှိ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

“ဘော်လခဲကိုတော့ ရဟတ်ယာဉ်က ပုံမှန် တစ်ပတ်ကို ၂ ခေါက်၊ ၃ ခေါက်၊ တစ်ခါတလေကျရင် ၅ ခေါက်ထိ သွားလာလုပ်တယ်။ ဖားဆောင်းကနေ ဘော်လခဲကို လည်တယ်ဆိုတာကတော့ ဖြစ်နိုင်ခြေနည်းမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတာကတော့ ဘော်လခဲက တပ်မိသားစုတွေက သူ့ဟာနဲ့သူ အဟာရချို့တဲ့နေတဲ့ဟာ၊ ရိက္ခာပိုင်း လုံလောက်မှုမရှိဘူး။ သူသယ်မယ့်သယ် လွိုင်ကော် ဒကစထိပဲ သယ်တာဖြစ်နိုင်တယ်။ ဘော်လခဲမှာတော့ သူမချနိုင်ဘူး၊ စိုးဝင်းရောက်နေလို့ လှမ်းခေါ်တာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

ဘော်လခဲမြို့တွင်းတွင် စစ်ကော်မရှင်တပ်နှင့် စစ်တပ်ထောက်ခံသူ ခန့်မှန်းအင်အား စုစုပေါင်း ၅၅၀ ဦးနီးပါးရှိပြီး ယခုနှစ်အတွင်း အသစ်ရောက်ရှိလာသည့် အင်အား ၈၀ ပါ ၈၄၂ တပ်ရင်းနှင့် ပူးပေါင်းကာ ဖားဆောင်းမြို့တွင်းသို့ စစ်ကြောင်းထိုးလျက်ရှိကြောင်း MPA က စုံစမ်းသိရသည်။

စစ်ကော်မရှင်တပ်အနေဖြင့် ဖားဆောင်းမြို့တွင်းသို့ ယနေ့အထိ ရဟတ်ယာဉ် မဆင်းသက်နိုင်သေးကြောင်းနှင့် စစ်ကော်မရှင်တပ်မှ ခဲမဖြူနယ်စပ်အထိ ပြောက်ကျားနည်းစနစ်သုံးကာ စစ်တိုးနေပြီး ထိတွေ့မှုမရှိသေးကြောင်း မြေပြင်အခြေစိုက် KA အရာရှိတစ်ဦးက ပြောသည်။

“ခဲမဖြူကတော့ ရှောင်ရမှာ စစ်ခွေးဘက်က အသေခံဒရုန်းတွေ သုံးလာတယ်လေ။ ၁၃၅ တပ်ထဲမှာလည်း သူ (စစ်ကော်မရှင်တပ်) က ၂၀ ကျော် ရောက်လာတယ်။ သူက ပြောက်ကျားစနစ်နဲ့ ရောက်လာတယ်၊ အထိအတွေ့မခံဘူး၊ အဲ့လိုမျိုးလုပ်တာပေါ့။ စစ်ကော်မရှင်က ဖားဆောင်းထဲမှာ ရောက်နေပြီ ဓာတ်ပုံလိုက်ရိုက်တယ်ဆိုတာကလည်း အဲ့ဒီ ၂၀ ကျော်ထဲပဲ။ ခိုးကြောင်ခိုးဝှက် လိုက်ခိုးရိုက်တဲ့ ပုံစံမျိုးပေါ့၊ ဖားဆောင်းကို အလုံးစုံ ထိန်းချုပ်နိုင်တယ်ဆိုတဲ့ဟာတော့ အတည်ပြုလို့ မရသေးဘူးပေါ့၊ ဘယ်အဖွဲ့ကမှလည်း အတည်မပြုပေးနိုင်ဘူး။ ခဲမဖြူကတော့ အော်တိုရှောင်ရမှာပေါ့၊ ရှောင်ရမယ့်ထဲမှာ ပါတော့လေ” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်အနေဖြင့် ဖားဆောင်းတိုက်ပွဲအား ဘော်လခဲမြို့တွင်းမှ လက်နက်ကြီးပစ်ကူပေးနေပြီး ယခုအပတ်အတွင်း (ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်) လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်းနှင့် ဂျက်ဖိုက်တာသုံးကာ ခြိမ်းခြောက်ပျံသန်းမှု ၅ ကြိမ်ထက်မနည်း ပြုလုပ်လျက်ရှိကြောင်း မြေပြင်အခြေစိုက် KA အရာရှိတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကော်မရှင်တပ်အနေဖြင့် ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုနိုင်သေးဘဲ လေကြောင်း (Y-12) အသုံးပြုကာ ဖားဆောင်းနှင့် ဘော်လခဲမြို့များအတွင်းသို့ ရိက္ခာနှင့် လက်နက်အင်အား ဖြည့်တင်းနေပြီး မြေပြင်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေဆဲဖြစ်သည်။