မုံရွာမြို့ပေါ်တွင် ပေါ်တာအရနည်းလာသဖြင့် ပွဲလမ်းသဘင်ဖြင့် မျှားကာ ဖမ်းဆီးနေဟုဆို

ဓာတ်ပုံ-CJ
ပုံစာ-မုံရွာမြို့၊ဗိုလ်ချုပ်ကြေးရုပ်တွင် ရဲများကို တွေ့ရစဉ်။(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်တွင် ပေါ်တာရရှိမှု နည်းလာသဖြင့် ပွဲလမ်းသဘင်များဖြင့် မျှားကာ ဖမ်းဆီးနေကြောင်း သိရသည်။

တစ်နှစ်ကျော်ကြာ နေ့စဉ်မပျက် ပေါ်တာဆွဲနေသောကြောင့် ဖမ်းဆီးရမိမှု နည်းလာသဖြင့် ၂၀၂၅ခု နှစ်၊ပွင့်လင်းရာသီမှစ၍ ပွဲလမ်းသဘင်များ ပြုလုပ်ကာ ပွဲအပြန်တွင် ပေါ်တာဆွဲနေကြောင်း မုံရွာမြို့ ခံအချို့ထံက သိရသည်။

“မကြာသေးဘူး။မုံရွာတက္ကသိုလ်နားမှာ ဈေးရောင်းပွဲပေါ့။စတိတ်ရှိုးထည့်ပြီး လုပ်တယ်။ပွဲနားမှာ တော့ မဖမ်းဘူး။ပွဲကနေအပြန် ခပ်လှမ်းလှမ်းကနေ စောင့်ဖမ်းတာ။ကျနော်တို့နားမှာနေတဲ့ လူငယ် ၂ယောက် ပါသွားတယ်။တခြားရပ်ကွက်တွေက သွားတဲ့သူတွေလည်း ပါမှာပဲ”ဟု မုံရွာမြို့စွန်ရပ်ကွက် တစ်ခုနေ အသက်၇၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက MPAသို့ပြောသည်။

စစ်တပ်က အိမ်စီးကားများဖြင့် မုံရွာမြို့အနှံ့သွားလာကာ အချိန်မရွေးပေါ်တာဆွဲနေပြီး ညနေပိုင်း အ လုပ်ပြန်ချိန်နှင့် ညဘက် ပွဲတော်အပြန်တို့၌ အဓိကထား ဆွဲနေကြောင်း သိရသည်။

“အိမ်စီးကား ၃စီးလောက်တွဲလျက်သွားပြီး လိုက်ဆွဲတယ်။PDFတွေ ပစ်မှာစိုးလို့ တစ်နေရာတည်းမှာ နာရီဝက်ကျော်တောင် အထိုင်ချနေတာမျိုး မလုပ်ဘူး။ဘယ်အချိန်မဆို ဆွဲနေပေမဲ့ ညနေဆို အလုပ် ကအပြန် စက်မှုဇုန်က အထွက်လမ်းတွေ ဟိုဘက်ကမ်းပြန်(ချင်းတွင်းမြစ်အနောက်ဘက်ကမ်း)မယ့် လှေဆိပ်တွေမှာ ဆွဲတယ်။ညဆိုရင်တော့ ပွဲအပြန်”ဟု မုံရွာမြို့၊ထန်းတောရပ်ကွက်နေ အိမ်ရှင်မတစ် ဦးက ပြောသည်။

မတ်လပထမပတ်အတွင်းလည်း မုံရွာမြို့၊ ကန်သာယာတွင် ပွဲလမ်းသဘင် ပြုလုပ်ဦးမည်ဖြစ်ကြောင်း သိရသည်။

“ကန်သာယာမှာ ညဈေးလုပ်မှာကတော့ အခုထိ မဖွင့်နိုင်သေးဘူး။ဖွင့်လည်း လူအဝင်နည်းမှာပဲ။အခု ဈေးရောင်းတာတောင် ယောကျာ်းလေး အရွယ်ကောင်းတွေ ဘယ်သူမှ မရောင်းရဲဘူး”ဟု ၎င်းကပြော သည်။

စစ်တပ်သည် မုံရွာမြို့ပေါ်တွင် မည်သူ့ကိုမဆို အကြောင်းမဲ့ ဖမ်းဆီးနိုင်သလို မည်သူ့ကိုမဆိုလည်း ပစ်သတ်ခွင့်ရှိကြောင်း မုံရွာမြို့စွန်ရပ်ကွက်နေ အမျိုးသားက ဆိုသည်။