မြင်းခြံ၊နဘူးအိုင်ရွာသို့ စစ်သား ၂၀၀ ခန့် ရောက်ရှိ လုယက်၊ ဟောင်ဝှစ်ဇာအမြောက်လည်း ဆင်ထား

ဓာတ်ပုံ-CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာနှင့် ပတ်ဝန်းကျင်တွင် စစ်သားအင်အား၂၀၀ ဝန်းကျင် ရောက်ရှိနေပြီး ဟောင်ဝှစ်ဇာအမြောက်လည်း ဆင်ထားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် နွားထိုးကြီးမြို့နယ်၊ပဲခင်းကြီးရွာအနီးရှိ NUGမြေအောက်ဆေးရုံကို ဖျက်ဆီး ပြီးနောက် မြင်းခြံမြို့နယ်၊မြေစကောင်း၊ချင်မြစ်ကျင်းနှင့် ရွှေဘုံသာရွာတို့ကိုဖြတ်ကာ နဘူးအိုင်ရွာနှင့် ပတ်ဝန်းကျင်သို့ ဖေဖေါ်ဝါရီ၂၆ရက်က ရောက်ရှိလာခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

“နဘူးအိုင်မှာ တော်လှန်ရေးဂိတ်ရှိတယ်။စခတွေလာတော့ မိုင်းလည်း မဆွဲဘူး။သေနတ်တစ်ချက် လည်း မဖောက်ဘဲ ဆုတ်သွားတော့ နဘူးအိုင်ထဲကို အလွယ်တကူဝင်လို့ရသွားတယ်။နဘူးအိုင်ထဲက ဆန်စက်တွေ၊ဆီစက်တွေကို ကရိန်းတွေနဲ့ မပြီး ၁၂ဘီးကားနဲ့ စခ တွေ တိုက်သွားတယ်။ဒီနေ့ညနေ အထိတော့ မီးမရှို့သေးဘူး”ဟု ၎င်းက MPAသို့ပြောသည်။

ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အင်အား၁၅၀ကျော်ရှိ ယင်းစစ်ကြောင်းသည် သိမ်ကုန်းမုခ်ပေါက်အနီးရှိတိုက်၊ နဘူးအိုင်ရွာထဲနှင့် ညောင်ဝန်းရွာဘုန်းကြီး ကျောင်းတို့တွင် တပ်စွဲထားကြောင်း ယနေ့(ဖေဖေါ်ဝါရီ၂၇ရက်)သတင်းထုတ်ပြန်သည်။

“ဒီနေ့ညနေထိတော့ နဘူးအိုင်မှာ မီးရှို့တာ မရှိဘူး။နဘူးအိုင်ရော တခြားအနားက ရွာတွေရော အကုန် ပြေးနေကြတယ်။၂၆ရက်ကတော့ ညောင်ဝန်းနဲ့ သက္ကယ်ကျင်းကို ပစ္စည်းတွေ အရင်လုယက် ပြီးတော့ မီးရှို့တာ ရွာလုံးကျွတ်လောက်တယ်”ဟု မြင်းခြံခရိုင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဖေဖေါ်ဝါရီ၂၆ရက် နံနက်ပိုင်းတွင် ညောင်ဝန်းနှင့်သက္ကယ်ကျင်းရွာကို စစ်တပ်က မီးရှို့ခဲ့ရာ သက္ကယ် ကျင်းရွာမှ ကျန်းမာရေးမကောင်းသည့် အသက်၈၀အရွယ် အဘိုးတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး အ သက်၃၀အရွယ်အမျိုးသားတစ်ဦးကို စစ်တပ်က သေနတ်နှင့် ပစ်သတ်ခဲ့ကာ နေအိမ်မီးဝင်ငြှိမ်းသည့် အသက်၅၀ကျော်အရွယ်အမျိုးသားတစ်ဦးအား ဖမ်းဆီးထားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ က သတင်းထုတ်ပြန်ထားသည်။

“အဖမ်းခံရတဲ့သူနဲ့ပတ်သက်ပြီး ဒီနေ့ညနေထိ ဘာသတင်းမှ မရသေးဘူး။ဒီနေ့သိရတဲ့သတင်းက နဘူးအိုင်က ပစ္စည်းတွေကို ၁၂ဘီးနဲ့ တစ်ခေါက်ပြီး တစ်ခေါက်သယ်နေတာပဲ”ဟု ၎င်းက ပြောသည်။
နဘူးအိုင်ရွာသည် မြင်းခြံ-မန္တလေးကားလမ်းဘေးရွာဖြစ်ပြီး အိမ်ခြေ၈၀၀ကျော်ရှိသည့် ရွာကြီးဖြစ်သည်။