မော်လမြိုင်မှ မြစ်ကြီးနားထိ ငြိမ်းချမ်းရေးလမ်းလျှောက်နေသည့် ငါးမင်းဆွေ ခွေးကိုက်ခံရ

ဓာတ်ပုံ-လူမှုကွန်ရက်

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကာ ခြေကျင်ခရီး လျှောက်လှမ်းနေသည့် ငါးမင်းဆွေ(ခ) ဦးမင်းဆွေ သည် ယနေ့တွင် ကျိုက်ထိုမြို့နယ်၌ ခွေးကိုက်ခံခဲ့ရကြောင်း ၎င်း၏ တစ်တော့ချန်နယ်တွင် ရုပ်သံဖြင့် ဖော်ပြထားသည်။

ငါးမင်းဆွေသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဘီးလင်းမြို့နှင့် ကျိုက်ထိုမြို့အကြားရှိ ရွှေသံလွင်တိုးဂိတ်သို့ ရောက်ရှိစဉ် ယခုကဲ့သို့ မမျှော်လင့်ဘဲ ခွေးကိုက်ခံခဲ့ရခြင်းဖြစ်သည်။

တိုးဂိတ်ရုံးခန်းအတွင်းမှ ပြေးထွက်လာသော ခွေးတစ်ကောင်က ၎င်း၏ခြေထောက်ကို အနောက်ဘက်မှ လိုက်လံခဲခဲ့သဖြင့် အရေပြားစုတ်ပြဲခြစ်မိသည့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

“ဘီးလင်းနဲ့ ကျိုက်ထိုကြားက ရွှေသံလွင်တိုးဂိတ်မှာ ခွေးကိုက်ခံလိုက်ရတယ်ဗျာ။ တိုးဂိတ်ရုံးခန်းထဲကနေ ရုတ်တရက် ပြေးထွက်လာတဲ့ ခွေးတစ်ကောင်က ကျတော့်ခြေထောက်ကို အနောက်ကနေ လှမ်းဟပ်လိုက်တာ။ ကျွန်တော်လည်း ဘယ်လိုမှ မတွေ့လိုက်ဘူး၊ သတိမထားမိလိုက်ဘူးဗျ။ ဟပ်လိုက်တာကတော့ အရေပြားလေး ခြစ်မိသွားတယ်။ ဒါကြောင့် ကျိုက်ထိုမြို့နယ် ဆေးရုံကြီးမှာ သွားပြရဦးမယ်၊ လိုအပ်ရင်တော့ ဆရာဝန်ကြီးနဲ့ သေချာပြကြည့်ရမှာပေါ့။ အခုတော့ ကျိုက်ထိုမှာ ခွေးရူးကာကွယ်ဆေး ထိုးနေရပြီဗျာ။ အားလုံးလည်း ဘေးအန္တရာယ် ကင်းရှင်းကြပါစေ၊ ကျွန်တော်တို့ မြန်မာပြည်ကြီးလည်း အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။” ဟု ငါးမင်းဆွေက ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ ၈ရက်က ငါးမင်းဆွေသည် တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့် စကားကို တစ်တော့ချန်နယ်၌ ပြောကြားမှုများပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၉ရက်တွင် စစ်တပ်က ဖမ်းဆီးကာ ရန်ကုန်တိုင်း၊ လှိုင်မြို့မ ရဲစခန်း၌ ၅၀၅(က)ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ၂၀၂၅ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ငါးမင်းဆွေသည် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုမှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ကြောင့် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံခဲ့ရသေးသည်။