အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကော်မရှင်တို့အကြား လျှို့ဝှက်ညှိနှိုင်းမှုများရှိနေပြီး ပြည်ပရောက် တော်လှန်ရေးအင်အားစုများ ပြည်တော်ပြန်ဝင်ရန် ကြိုးပမ်းနေသည်ဟု စစ်တပ်လော်ဘီ နရီမိုးက တယ်လီဂရမ်ချန်နယ်၌ ရေးသားထားသည်။
ယခုကဲ့သို့ စစ်တပ်လော်ဘီရေးသားချက်မှာ တော်လှန်ရေးအင်အားစုများအကြား သံသယစိတ်များ ပြန့်နှံ့စေရန် ရည်ရွယ်သည့် သပ်လျှိုဖြိုခွဲရေး ဝါဒဖြန့်မှုများသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
စစ်တပ်လော် နရီမိုးက “အစိုးရသစ်တက်လာလျှင် နိုင်ငံရေးအရ ပြည်တော်ပြန်ဝင်နိုင်ရန် NUG က ညှိနှိုင်းနေကြသည် ဟုလည်းကောင်း၊ ဖမ်းဝရမ်းထုတ်ခံထားရသူများကိုပင် အမှုပိတ်သိမ်းပေးနေသည်ဟုလည်းကောင်း ရေးသားထားခြင်းဖြစ်သည်။
အဆိုပါ ဝါဒဖြန့်မှုများတွင် NUG သည် ၅ နှစ်တာအတွင်း လူငယ်များကို မျှော်လင့်ချက်အတု (False Hope) များပေး၍ ဘဝများကို ချနင်းခဲ့သည် ဟု စွပ်စွဲထားပြီး၊ မြေပြင်တိုက်ခိုက်ရေးအဖွဲ့များ၏ အနာဂတ်အတွက် စိုးရိမ်စိတ်ဝင်အောင် လှုံ့ဆော်ကာ “ငါတို့တော်လှန်ရေးကပဲ ကျရှုံးနေတာလား” ဆိုသည့် မေးခွန်းများဖြင့် စိတ်ဓာတ်စစ်ဆင်ရေး (Psychological Warfare) ဆင်နွှဲလာခြင်းဖြစ်သည်။
နိုင်ငံရေးလေ့လာသူတစ်ဦးက “ဒါဟာ စစ်ကော်မရှင်ဘက်က စစ်ရေးအရ အထိနာနေတာကို ဖုံးကွယ်ဖို့ နောက်ဆုံးသုံးတဲ့ နည်းလမ်းပါ။ မြေပြင်မှာ မြို့ပေါင်းများစွာ လက်လွှတ်လိုက်ရတဲ့ အခြေအနေမှာ တော်လှန်ရေးဘက်တော်သားတွေကြား အချင်းချင်း မယုံကြည်အောင် ရန်တိုက်ပေးတာဖြစ်တယ်” ဟု ထောက်ပြသည်။
တက်ကြွလှုပ်ရှားသူတစ်ဦးကမူ “လော်ဘီတွေက အသက်တွေက အပိုမပါဘူး ဆိုတဲ့ စာနာပြသလိုမျိုးနဲ့ လူငယ်တွေကို လက်နက်စွန့်ခိုင်းဖို့ ဆွဲဆောင်နေတာပါ။ တကယ်တော့ ဒါဟာ သူတို့တပ်ပျက်နေတာကို ဖုံးဖို့ ကြိုးစားနေတာပဲ” ဟု ဝေဖန်ပြောဆိုသည်။
စစ်ကော်မရှင်သည် အင်အားလိုအပ်နေသည့်အတွက် အမှုပိတ်ပေးမည် ဟု မြှူဆွယ်ကာ လူငယ်များကို မြို့ပေါ်ပြန်ခေါ်၍ စစ်မှုထမ်းခိုင်းရန် သို့မဟုတ် ဖမ်းဆီးရန် ထောင်ချောက်ဆင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထားကြသည်။
နိုင်ငံရေးလေ့လာသူများ၏ အဆိုအရ NUG အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဟူသော မူဝါဒမှ သွေဖည်၍ စစ်ကော်မရှင်နှင့် လျှို့ဝှက်ညှိနှိုင်းရန် ဖြစ်နိုင်ခြေမရှိဘဲ၊ နိုင်ငံတကာ၏ ဖိအားနှင့် စစ်ရေးအကျပ်အတည်းကြောင့် စစ်ကော်မရှင်ဘက်ကသာ ထွက်ပေါက်ရှာနေခြင်းဖြစ်သည်ဟု ဆိုသည်။
တက်ကြွလှုပ်ရှားသူတစ်ဦးက “တပ်မပျက်ရင် ဘာလို့ ကားနံပါတ်တွေ စုံ/မ ခွဲပြီး ဆီချွေတာနေရလဲ၊ ဘာလို့ မြို့တွေအများကြီး လက်လွှတ်နေရလဲဆိုတာကို ကြည့်ရင် အဖြေက ရှင်းပါတယ်။ စစ်ကော်မရှင်ကသာ ကျရှုံးနေတာပါ” ဟု တုံ့ပြန်သည်။
ထို့ပြင် NLD ထိပ်ပိုင်းခေါင်းဆောင်အချို့ကို လွှတ်ပေးခြင်းမှာ နိုင်ငံတကာကို လှည့်စားရန်နှင့် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးအရ အက်ကြောင်းထင်စေရန် စစ်ကော်မရှင်က အကွက်ချစီစဉ်ခြင်းသာ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
မြေပြင်ရဲဘော်တစ်ဦးကမူ “ကျွန်တော်တို့က ဘယ်သူ့ခိုင်းစေချက်နဲ့မှ တိုက်နေတာမဟုတ်ဘူး၊ မတရားမှုကို တွန်းလှန်နေတာ။ လော်ဘီတွေ ဘယ်လောက်ပဲ သပ်လျှိုဖြိုခွဲပါစေ၊ မြေပြင်က အခြေအနေမှန်ကို ကျွန်တော်တို့ ကိုယ်တိုင်သိပါတယ်” ဟု အခိုင်အမာ ပြောဆိုသည်။
စစ်ကော်မရှင်၏ ဝါဒဖြန့်မှုများတွင် ပြည်ပရောက်သူများ ပြန်ဝင်ရန် ချိတ်ဆက်နေသည် ဆိုသည့်အချက်မှာလည်း အခြေအမြစ်မရှိဘဲ၊ ပြည်ပရောက် တော်လှန်ရေးအင်အားစုများ၏ ထောက်ပံ့မှုလမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်သည့် ကောလာဟလသာ ဖြစ်သည်။
စစ်ကော်မရှင်လော်ဘီများ၏ ရေးသားချက်များသည် စစ်ရေးအရ ရှုံးနိမ့်မှုကို နိုင်ငံရေးအရ လှည့်ကွက်များဖြင့် အဖတ်ဆယ်ရန် ကြိုးပမ်းခြင်းသာဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုများအနေဖြင့် ယင်းကဲ့သို့သော သပ်လျှိုဖြိုခွဲမှုများကို သတိကြီးစွာဖြင့် တုံ့ပြန်ရန် လိုအပ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက အကြံပြုထားကြသည်။
