လက်နက်ထုတ်လုပ်မှု အရှိန်မြှင့်တင်ရန် စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ထရမ့် အိမ်ဖြူတော်တွင် တွေ့ဆုံမည်

အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများနှင့် မကြာသေးမီက ဆောင်ရွက်ခဲ့သည့် စစ်ရေးလှုပ်ရှားမှုများကြောင့် ကုန်ခန်းသွားသော အမေရိကန်စစ်တပ်၏ လက်နက်ခဲယမ်းအရန်အင်အားများကို အရေးပေါ်ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အမေရိကန်၏ အကြီးဆုံး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိချုပ်များနှင့် လာမည့်သောကြာနေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ Lockheed Martin နှင့် Raytheon ၏ မိခင်ကုမ္ပဏီဖြစ်သော RTX အပါအဝင် အဓိက လက်နက်ထောက်ပံ့ရေး ကုမ္ပဏီကြီးများကို ဖိတ်ကြားထားပြီး လက်နက်ထုတ်လုပ်မှု ကွင်းဆက်များကို မည်သို့အရှိန်မြှင့်တင်မည်နည်းဆိုသည့် အချက်ကို အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။

အီရန်စစ်ဆင်ရေးအတွင်း ခဲယမ်းမီးကျောက် အမြောက်အမြား အသုံးပြုခဲ့ရခြင်းကြောင့် ဝါရှင်တန်အနေဖြင့် လက်နက်အင်အား ချို့တဲ့သွားမည်ကို စိုးရိမ်လျက်ရှိပြီး ယခုတွေ့ဆုံမှုသည် အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အရေးတကြီး လုပ်ဆောင်လာခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ဂါဇာဒေသ စစ်ရေးလှုပ်ရှားမှုများ စတင်ကတည်းက အမေရိကန်သည် အမြောက်စနစ်များ၊ ခဲယမ်းများနှင့် တင့်ကားဖျက်ဒုံးကျည်များ အပါအဝင် ဒေါ်လာဘီလီယံနှင့်ချီတန်သော လက်နက်များကို အရန်သင့်လက်နက်သိုလှောင်ရုံများမှ ထုတ်ယူအသုံးပြုခဲ့ရသည်။

အထူးသဖြင့် အီရန်စစ်ပွဲတွင်မူ ယူကရိန်းသို့ ပေးပို့ခဲ့သည့် ဒုံးကျည်များထက် ပိုမိုဝေးလံစွာ ရောက်ရှိနိုင်သည့် တာဝေးပစ်ဒုံးကျည်များကို ပိုမိုအသုံးပြုခဲ့ရသဖြင့် လက်ကျန်အင်အားမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။

သမ္မတ ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အမေရိကန်၌ ခဲယမ်းမီးကျောက် အကန့်အသတ်မရှိ ရှိနေသဖြင့် စစ်ပွဲများကို အောင်မြင်စွာ ထာဝရတိုက်နိုင်သည်ဟု ရေးသားခဲ့သော်လည်း၊ အိမ်ဖြူတော်၏ တွေ့ဆုံပွဲမှာမူ လက်နက်ထုတ်လုပ်သူများကို လက်ရှိထက် ပိုမိုမြန်ဆန်စွာ ထုတ်လုပ်နိုင်ရန် ဖိအားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့ပြင် ကာကွယ်ရေး ဒုတိယဝန်ကြီး စတိဗ် ဖိန်းဘာ့ဂ်သည် အရှေ့အလယ်ပိုင်းအပါအဝင် မကြာသေးမီက ပဋိပက္ခများတွင် အသုံးပြုခဲ့သည့် လက်နက်များကို အစားထိုးရန်အတွက် ဒေါ်လာ ၅၀ ဘီလီယံခန့်ရှိမည့် အပိုဘတ်ဂျက်တောင်းခံမှုကိုလည်း ပြင်ဆင်နေပြီဖြစ်သည်။

အမေရိကန်အစိုးရသည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့် အမြတ်ဝေစုခွဲဝေခြင်းထက် ထုတ်လုပ်မှုပိုင်းကိုသာ ပိုမိုဦးစားပေးရန် ပြင်းပြင်းထန်ထန် ဖိအားပေးလျက်ရှိသည်။

သမ္မတ ထရမ့်သည် စာချုပ်ပါအတိုင်း ဆောင်ရွက်နိုင်စွမ်းမရှိသော ကုမ္ပဏီများကို ဖော်ထုတ်ရန် အမိန့်တစ်ရပ် လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ထုတ်လုပ်မှုညံ့ဖျင်းသော ကုမ္ပဏီစာရင်းကို ထုတ်ပြန်ကာ ထိုကုမ္ပဏီများဘက်မှ ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ မရှိပါက စာချုပ်ရပ်စဲခြင်းအထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။