ပေါင်းတည်တွင် နယ်မြေရှင်းလင်းရေးစစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - PPDF
ပုံစာ - တိုက်ပွဲဝင် PPDF ရဲဘော်များ။ ( ပုံဟောင်း )

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ခမရ ၁၀ အနီးတွင် နယ်မြေရှင်းလင်းရန် ထွက်လာသည့် စစ်ကြောင်းကို PDFတို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၂ရက်၊ နံနက် ၈နာရီခွဲခန့်က ‌ပေါင်းတည်မြို့နယ်၊ ပေါက်တောကျေးရွာအနီးရှိ ခမရ ၁၀ တပ်ရင်းမှ အင်အား ၅၀ခန့်ဖြင့် ထွက်လာသည့် စစ်ကြောင်းကို သဲမဲရွာတောင်ဘက်တွင် PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး လည်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” မိုင်းက ပတ်လည်မိုင်းနှစ်လုံးနဲ့ ရှေ့ထွက်မိုင်းတစ်လုံး ဆွဲခဲ့တာပါ။ သူတို့လာမယ့်လမ်းကြောင်းကို ကြိုသိလို့ မိုင်းသွားထောင်ထားတာ။ မိုင်းဆွဲပြီးတော့ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပြန်ပစ်တာ ၁၅မိနစ်လောက်ရှိတယ်။ အဲဒီပစ်ခတ်မှုကြောင့် သဲမဲရွာ‌ထဲက နွား ၃ကောင်သေ တယ်။ ရန်သူသေဆုံးမှုက မျက်မြင်တွေ့ရတာအပြင် အတွင်းသတင်းပေးတွေဆီကနေ အတည်ပြု ထားပါတယ် ” ဟုပြည်ခရိုင်တပ်ရင်း၁၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က MPA ကို ပြောသည်။

ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကြောင်းဆက်မထိုးတော့ဘဲ သေဆုံး၊ဒဏ်ရာရသူများကို သယ်ဆောင် ကာ ခမရ ၁၀ ထဲသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

” သဲမဲရွာသားတွေကတော့ ဖေဖော်ဝါရီလကတည်းက ရှောင်နေကြတာ။ ခုထိလည်း ရှောင်တဲ့လူ လည်း ရှောင်၊ ပြန်ဝင်နေတဲ့သူလည်း နေနေကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

သဲမဲရွာသည် ခမရ ၁၀ နှင့် တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။

ယင်းတိုက်ခိုက်မှုကို ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၃ မှ ရဲဘော်များက ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။