ကရင်နီပြည်တွင် အောက်စျေးနှိုက်ကာ အမြင့်စျေးဖြင့် ဆီရောင်းဝယ်နေမှုဂယက်ကြောင့် ပစ်ခတ်မှုများပါ ဖြစ်ပွားလာခဲ့ပြီဖြစ်ကြောင်း ဆီကုန်သည်များနှင့် ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင် စက်သုံးဆီစျေးများ မြင့်တက်နေမှုအား လျော့နည်းစေရန် ထိန်လင်း ဓာတ်ဆီ၊ ဒီဇယ်ရောင်းဝယ်ရေးဆိုင်မှ ဓာတ်ဆီတစ်လီတာလျှင် ၄,၅၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး နာရီပိုင်းအတွင်း ဆီပေပါ ၄ လုံး ကုန်သွားခဲ့ကြောင်း ယင်းဆီဆိုင်ပိုင်ရှင်က ပြောသည်။
“လက်ရှိ ဆီဆိုင်ရဲ့ အခက်အခဲကတော့ လမ်းကြောင်းပိတ်ထားတာ တစ်ကြောင်းရယ်၊ ဆီဝယ်မရတော့တာရယ်ကြောင့် လက်ကျန်ဆီတွေ လုံးဝမရှိတော့ဘူး။ ၃ ရက်နေ့ မနက်ပိုင်းတင်ပဲ ဆီပေပါ လေးလုံးလောက်ပဲ လက်ကျန်ရှိတာ၊ တစ်မနက်တည်းနဲ့ ရောင်းကုန်သွားတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါဆိုင်မှ ဓာတ်ဆီဝယ်ယူသူများအား MPA မှ လိုက်လံစုံစမ်းရာ ဝယ်ယူသူအချို့မှာ ဓာတ်ဆီတစ်လီတာလျှင် ၇,၀၀၀ ကျပ်ဖြင့် မတ်လ ၃ ရက်နေ့ ညနေတွင် ပြန်လည်ရောင်းချခဲ့ပြီး၊ မတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် ဓာတ်ဆီတစ်လီတာ ၈,၅၀၀ ကျပ်မှ ၉,၀၀၀ ကျပ်အကြား ရောင်းချခဲ့ကြသည်။ ထိန်လင်းဆီဆိုင်မှာမူ ဆီပြတ်လပ်မှုကြောင့် ယာယီပိတ်ထားခဲ့ရသည်။
လက်ရှိတွင် ထိန်လင်းဆီဆိုင်မှ ဓာတ်ဆီစျေး မြှင့်တင်မှုများကြောင့် ဓာတ်ဆီတစ်ပေပါလျှင် ၁၇ သိန်းဖြင့် ပြန်လည်ဝယ်ယူခဲ့ရပြီး၊ ဓာတ်ဆီတစ်လီတာလျှင် ၉,၀၀၀ ကျပ်နှုန်းဖြင့် ယနေ့ထိ ရောင်းချနေရကြောင်း ထိန်လင်းဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မတ်လ ၄ ရက်နေ့ကလည်း ဓာတ်ဆီဆိုင်များ တစ်လီတာလျှင် ၇,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်ကြား ရောင်းချချိန်တွင် “ရွှေတောင်တန်း” စက်သုံးဆီရောင်းဝယ်ရေးမှ ဓာတ်ဆီတစ်လီတာလျှင် ၆,၅၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး လူတစ်ဦးလျှင် ၃ ဂါလံနှုန်း ရောင်းချပေးခဲ့ကြောင်း ယင်းဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အဲဒီနေ့ ညနေလောက်ထိပဲ ရောင်းလိုက်ရတယ်။ နောက်ရက် (မတ်လ ၅ ရက်) နေ့ကျတော့ ဆိုင်ကယ်တစ်စီးကို နှစ်လီတာ၊ ကားတစ်စီးကို နှစ်ဂါလံပဲ ရောင်းပေးတယ်။ အခုတော့ ဆိုင်ပိတ်သွားရပြီ။ ပိုလိုချင်တဲ့သူတွေ၊ ပါဆယ်ဆွဲချင်သူတွေက အဲဒီဆိုင်ကို ဖြဲတာပြုတာတွေရှိတယ်။ အဲဒီလောက် စျေးသက်သာအောင် ရောင်းပေးတာတောင် ဆဲကြပြောကြတော့ ဆိုင်ရှင်လည်း ကြောက်တာနဲ့ ဘာမှမရောင်းရဲတော့ဘဲ ဆိုင်ပိတ်လိုက်တာ။ အဓိကက လုံခြုံရေးကြောင့်ပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ ည ၁ နာရီ ၃၀ မိနစ်ကလည်း ဒေါတဝီလမ်းမကြီးပေါ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်အနီးတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး၊ အခင်းဖြစ်ပွားရာ ဆီဆိုင်များအား မေးမြန်းရာတွင် ခွေးပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားသည်။
“ဓာတ်ဆီမရောင်းပေးလို့ ပစ်တာမဟုတ်ပါဘူး။ ည ၁ နာရီခွဲလောက်ကြီး ခွေးကိုပစ်တာနဲ့ တူတယ်။ ဒီမှာက ညဆို လမ်းပေါ်လူလည်း မရှိတော့ဘူးလေ။ ခွေးသားလည်း စားကြတော့ ခွေးကို ပစ်သွားတာပါ” ဟု ဒေါတဝီလမ်းမကြီးပေါ်ရှိ ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး အခင်းဖြစ်ရာအနီးနေ ဒေသခံများကမူ “ရဲဘော်လို့ ထင်ရတဲ့သူတွေက ဓာတ်ဆီပိုတောင်းဝယ်တာ။ ရှေ့တန်းသွားမယ်ဆိုပြီး ခေါင်းစဉ်တပ်တဲ့ စီးပွားရေးသမားတွေပေါ့။ အဲဒါကို ၅ ရက်နေ့ က သေနတ်သံထွက်တဲ့နားက ဆိုင်တွေက မရောင်းပေးလို့ လာခြိမ်းခြောက်သွားတာ။ ဘယ်သူမှလည်း မပြောရဲဘူး။ ဘာလို့ဆို သေနတ်နဲ့ပစ်ရင် တကယ်သေတယ်လေ။ ဘယ်သူမှလည်း လုံခြုံရေး အာမမခံရဲလို့ မပြောကြတာ” ဟု ပြောသည်။
ကရင်နီပြည်နယ်အတွင်း ဓာတ်ဆီစျေးမြှင့်တင်နေမှု၊ ရောင်းချနေမှုနှင့် သိုလှောင်နေမှုများအား ကိုင်တွယ်ထိန်းချုပ်ရန် ဘာမျှမရှိသေးကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
“ဓာတ်ဆီနဲ့ ဒီဇယ်စျေးကို မြှင့်တင်သူနဲ့ သိုလှောင်သူတွေအပေါ် IEC အနေနဲ့ ကိုင်တွယ်သွားဖို့ ဘာမျှမရှိသေးဘူး။ IEC အနေနဲ့ လက်ကျန်ဆီတွေကို ထုတ်ရောင်းပေးပါ့မယ်။ အသေးစိတ်တော့ လုံခြုံရေးအရ မပြောတော့ဘူးနော်။ အခြေအနေ ဒီထက်သိကြတဲ့ အချိန်တစ်ခုမှပဲ အသိပေးမယ်” ဟု IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
ယနေ့မနက် ၆ နာရီ ၃၀ မိနစ်ကလည်း ဒီးမော့ဆိုအနောက်ခြမ်းတွင် ဓာတ်ဆီမရောင်းပေး၍ သေနတ်ဖြင့် မြေကြီးပေါ်သို့ ပစ်ဖောက်ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကရင်နီအခြေစိုက် မီဒီယာတစ်ခုက ဖော်ပြခဲ့ပြီး၊ ဟုတ်မဟုတ်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။
ကရင်နီပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင်မူ ဓာတ်ဆီတစ်လီတာလျှင် မတ်လ ၅ ရက်နေ့က ၅,၅၀၀ ကျပ်၊ မတ်လ ၆ ရက်နေ့က ၇,၀၀၀ ကျပ်ဖြင့် တစ်ရက်တစ်မျိုး စျေးပြောင်းကာ လူတစ်ဦးလျှင် ၃ လီတာနှုန်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဒီးမော့ဆိုအနောက်ခြမ်းတွင် စက်သုံးဆီစျေးမြှင့် ရောင်းဝယ်နေမှုများအား ဆီဆိုင်အချို့မှ ထိန်းသော်လည်း သက်ဆိုင်ရာမြို့နယ်များ၏ ရွာအတွင်းရှိ ဓာတ်ဆီဆိုင်ငယ်များနှင့် စီးပွားရေးသမားများက လက်ဝါးကြီးအုပ်ထားသဖြင့် စက်သုံးဆီစျေးများ ဆက်တိုက် မြင့်တက်လျက်ရှိသည်။
