မင်းအောင်လှိုင်စစ်သားများ လက်နက်ချပြီး အမေ့အိမ်ပြန်ကြရန် ပြည်သူ့ပန်းတိုင် တိုက်တွန်း

မင်းအောင်လှိုင်စစ်သားများ လက်နက်ချပြီး အမေ့အိမ်ပြန်ကြရန် ပြည်သူ့ပန်းတိုင်က တိုက်တွန်း လိုက်သည်။

ပြည်သူ့ပန်းတိုင်က ကောက်ယူရရှိထားသော လက်နက်ချနှင့်စစ်သုံ့ပန်းစာရင်းကို ယနေ့(မတ်၆ရက်) ထုတ်ပြန်စဉ် အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“မတ်လ ၂ ရက်နေ့မှာတော့ စစ်ကောင်စီဟာ လုပ်ရိုးလုပ်စဉ်ကနေ သွေဖည်ပြီး နိုင်ငံရေးအကျဉ်းသား တချို့ကို လွှတ်ပေးတာ၊ စွဲဆိုထားတဲ့ ပုဒ်မတွေ ပယ်ဖျက်ပေးတာတွေ လုပ်လာပါတယ်။ဒါက မတ်လ မှာ တက်လာမယ့် သူ့ရဲ့ခါးပိုက်ဆောင် စလော့ဂိမ်းအစိုးရကို ပရိုမိုးရှင်းလုပ်လာတာလို့ ဆိုနိုင်သလို အနောက်အရပ်ကနေ အရှေ့အလယ်ပိုင်းရောက်လာတဲ့ မိုးခြိမ်းသံတွေကို ကြောက်လို့ ဇွတ်ပြောင်း လဲပြနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”ဟုလည်း ပြည်သူ့ပန်းတိုင်က ဖော်ပြသည်။

ဖေဖေါ်ဝါရီလအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်းဖမ်းဆီရမိမှု စုစုပေါင်း ၁၉၉ဦးရှိပြီး ယင်းအထဲတွင် အလင်းဝင်လာသူ ၄၅ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

“စစ်တပ်ထဲမှာ အလင်းဝင်ချင်တဲ့သူတွေ အင်မတန်များပါတယ်။အထူးသဖြင့် ပစ(စစ်မှုထမ်းတပ် သား)တွေ အလင်းဝင်ချင်ကြတာ လက်ညှိုးထိုးမလွဲဘူး။အလင်းဝင်ချင်သူတွေများသလောက် အလင်းဝင်တဲ့အရေအတွက် သိပ်နည်းနေတာကို တော်လှန်ရေးခေါင်းဆောင်တွေ အဖြေရှာသင့် တယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီအထိ အလင်းဝင်ပူးပေါင်းနှင့် စစ်သုံ့ပန်း စုစုပေါင်း ၂၉၅၆ ဦးရှိကြောင်း သိရသည်။