By Hlaing / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က သိမ်းပိုက်ထားသည့် တပ်ရင်းနှစ်ရင်းထပ်မံလက်လွှတ်လိုက်ရပြီးနောက် လူသစ်စုဆောင်းမှုများပိုမို လုပ်ဆောင်လာကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်း သိရှိရသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း အမတ ၃၆၆ တပ်ရင်းနှင့် လေယာဥ်ကွင်းတစ်ခြမ်းကို သြဂုတ် ၁၀ ရက်တွင် KIA တပ်များက နောက်ဆုတ်ပေးခဲ့ရပြီး၊ ခလရ ၂၃၆ တပ်ရင်းနှင့် ၅၀၁၄ တင့်ကားတပ်ရင်းတို့ကို ထပ်မံလက်လွှတ်လိုက်ရခြင်း ဖြစ်သည်။
“ဗန်းမော်မြို့က အလုံးစုံပြန်မပါပါဘူး။ စစ်ကော်မရှင်ဘက်က ထိုးစစ်တွေအရမ်းများတယ်၊ ဒီဘက်ကလည်း ပြန်တိုက်နေတယ်။ အထိအခိုက်အကျအဆုံးကတော့ များတယ်၊ စစ်တပ်ဘက်က ဗိုလ်မှူးလည်း သေတယ်လို့ သိရတယ်။ လက်နက်တွေလည်း ရတယ်။ ဗန်းမော်သိမ်းနိုင်ဖို့က မလွယ်ဘူး” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် စစ်ကော်မရှင်၏ စစ်သင်္ဘော ၁၀ စင်းခန့်သည် ဗန်းမော်မြို့သို့ ရောက်ရှိလာပြီးနောက် သာလွန်အင်အားများဖြင့် မြေပြင်ထိုးစစ်များ၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ၄င်းတို့ လက်လွှတ်ခဲ့ရသည့် တပ်ရင်းများကို ပြန်လည်သိမ်းပိုက်နေခြင်း ဖြစ်သည်။
ဗန်းမော်မြို့ အရှေ့မြောက်ဘက်ရှိ နမ့်ဖားတပ်စခန်းနှင့် တပ်ရင်းဌာနချုပ် ၄ ခု၊ တပ်စခန်းတစ်ခု၊ မြို့တွင်းရှိ နောင်ခို၊ မင်းလှ၊ ပင်စင်ကုန်း၊ ညောင်ပင်ရပ်၊ ခွန်သာနှင့် သာစည်ရပ်ကွက်များကို ပြန်လည်ထိန်းချုပ်ထားနိုင်ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် စစ်ကော်မရှင်၏ ဝါဒဖြန့် MRTV ၌ ကြေငြာထားသည်။
ဗန်းမော်မြို့နှင့် နီးကပ်စွာ တည်ရှိနေသည့် မိုးမောက်မြို့၊ ခလရ ၄၃၇ တပ်ရင်းအနီးတွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အနေဖြင့် ခံစစ်ပြင်ဆင်နေပြီး ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်သို့ စစ်ကော်မရှင်တပ်များ တိုးဝင်မလာနိုင်အောင် ပြင်ဆင်နေကြောင်း သိရသည်။
“မိုးမောက်နဲ့ ဗန်းမော်က သုံးမိုင်လောက်ပဲ ဝေးတယ်။ ၄၃၇ နေရာမှာ ခံစစ်ပြင်နေတာ။ လိုင်ဇာဘက်ကိုတော့ တိုးဝင်မခံဘူးလို့ ထင်တယ်။ မိုးမောက်ကျော်လာရင် မြို့သစ်၊ ကုန်းလောဆိုတာက မြေပြန့်ကြီးလေ၊ အဲ့ဒီ့ကနေကျော်လာလို့ ဒေါ့ဖုန်းယန်ရောက်ပြီဆိုရင် လိုင်ဇာက လက်နက်ကြီး ကြောက်ရပြီ” ဟု မြေပြင်အခြေအနေသိရှိသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ KIA ဘက်က တပ်ရင်းသုံးခုနှင့် နယ်မြေအချို့ လက်လွှတ်လိုက်ရပြီးနောက် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဆုံးရှုံးခဲ့ရသည့် တပ်သားများနေရာတွင် အစားထိုးရန်အတွက် လူသစ်စုဆောင်းရေးများလည်း လုပ်ဆောင်လာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဆိုသည်။
“KIA သိမ်းထားတဲ့ နွယ်မလန်းတပ်နားမှာဆို လူအရမ်းဆွဲနေတာ၊ ဟိုဘက်တလောကလည်း နေ့လယ် ၁ နာရီကြီး ကုန်စိမ်းသည်အမျိုးသမီးတစ်ယောက်ကို ဖမ်းသွားတာ၊ သိပ်မကြာသေးဘူး။ ဒီရက်ပိုင်းထဲမှာလည်း သုံးယောက်ဆွဲသွားတာ၊ တစ်ယောက်ကို သိန်း ၂၀ ပေးခဲ့ရတယ်။ KIA ဘက်က အမှန်အကန်ဆွဲနေတာ။ လိုင်ဇာမှာတော့ ညဥ့်နက်ရင် ဆွဲချင်တယ်” ဟု ဗန်းမော်မြို့မှ စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက ဆိုသည်။
လိုင်ဇာမြို့မှတဆင့် မြို့သစ်၊ ကုန်းလောကျေးရွာများသို့ သွားရာလမ်းတလျှောက်တွင်လည်း ခရီးသည်များ၊ ကုန်စိမ်းသည်များအနေဖြင့် ယခင်က လွတ်လပ်စွာ ကူးသန်းသွားလာခွင့်ရကြသော်လည်း လက်ရှိတွင် စုဆောင်းရေးလုပ်ဆောင်မှုများကြောင့် သွားလာရေး၌ အခက်အခဲများ တွေ့ကြုံနေရကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က အသေခံဒရုန်းများ၊ နည်းပညာအဆင့်မြင့်ဒရုန်းများ၊ မိထ္တီလာ၊ တံတားဦး၊ မြစ်ကြီးနားလေတပ်တို့မှ Y – 8 အမျိုးအစား စစ်ထောက်ပို့လေယာဥ်၊ Y – 12 အမျိုးအစား စစ်ထောက်ပို့လေယာဥ်နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA နှင့်အတူ အာရက္ခတပ်တော် (AA)၊ KPDF တပ်ဖွဲ့ဝင်များ၊ ဗန်းမော်မြို့ခံ UG များ၊ ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်တွင် စကခ (၂၁) ဌာနချုပ်သို့ စားနပ်ရိက္ခာ၊ လက်နက်နှင့် လူအင်အား လာရောက်ပို့ဆောင်သည့် စစ်ကောင်စီ၏ ရဟတ်ယာဥ် သုံးစင်းအနက် နှစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ပစ်ချနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လေးရက်၊ နံနက် ငါးနာရီခန့်မှစ၍ ယနေ့( ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်) အထိ ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ခရိုင်ရုံးစိုက်ရာ ဗန်းမော်မြို့တွင် စစ်ကော်မရှင်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။
စာတည်း-ကိုဆန်း
