ယင်းမာပင် တပ်ရင်း ၂၀ တပ်ရင်းမှူးကိုယ်တိုင် ကျူးလွန်သည့် အဓမ္မမှုကို အမြန်ဆုံးအရေးယူပေးရန် တော်လှန်ရေးအင်အားစု ၁၄၀ ကျော်တောင်းဆို

ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၀) အတွင်း ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ထိရောက်စွာ အရေးယူပေးရန် အဖွဲ့အစည်းပေါင်း ၁၄၈ ဖွဲ့က ယနေ့( မတ် ၉ရက်)တွင် စုပေါင်းသဘောထား ထုတ်ပြန်ကာ တိုက်တွန်းထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၀) (ရိုးမရာဇာ) တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်တစ်ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်၍ တပ်ရင်းတာဝန်ရှိသူများ၏ မတရားဖမ်းဆီးခြင်း၊ ကျေးရွာလူထုရှေ့တွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ အချုပ်ခန်းအတွင်း ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းများကို ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျူးလွန်မှု အခြေအနေများတွင် တပ်ရင်းမှူး ရန်ရှင်းအောင်နှင့် အဖွဲ့ဝင်အချို့သည် နစ်နာသူအား လက်ပြန်ကြိုးတုတ်၍ နှိပ်စက်ခြင်း၊ တစ်ဦးမှ ဓားဖြင့် ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့် နာမည်နှင့် တပ်ရင်းနံပါတ်များ ရေးထွင်းခြင်းစသည့် လူမဆန်သော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။

ထို့အပြင် နစ်နာသူသည် အစ္စလာမ်ဘာသာဝင်ဖြစ်သည့်အပေါ် မူတည်၍ လူမျိုးရေးနှင့် ဘာသာရေးအရ နှိမ့်ချစော်ကားခြင်း၊ ၎င်း၏ ယုံကြည်ချက်ကို ရည်ရွယ်ချက်ရှိရှိ စော်ကားညှဉ်းပန်းခြင်းများကိုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဤဖြစ်စဉ်သည် တော်လှန်ရေးကာလအတွင်း အာဏာအလွဲသုံးစားလုပ်ကာ တပ်သားအချင်းချင်းအပေါ် ကျူးလွန်ခြင်းဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းနှင့် တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းဖြစ်သည်ဟု အင်အားစုများက ရှုမြင်ကြသည်။

သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် သက်ဆိုင်ရာ အစုအဖွဲ့များအနေဖြင့် တပ်ရင်းမှူး ရန်ရှင်းအောင်နှင့် မုဒိမ်းမှုကျူးလွန်သူ အပါအဝင် ပါဝင်ပတ်သက်သူ အားလုံးကို အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးရန် တောင်းဆိုထားသည်။

နစ်နာသူ အမျိုးသမီး၊ ၎င်း၏ အမျိုးသားနှင့် သမီးငယ်လေးတို့အား တပ်ရင်း၏ ဖိအားပေးမှုများမှ ကင်းလွတ်သော ဘေးကင်းရာနေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းစောင့်ရှောက်ပေးရန်လည်း လိုအပ်သည်ဟု သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တော်လှန်ရေးကာလအတွင်း ကျူးလွန်ခံခဲ့ရသော အမျိုးသမီးနှင့် ကလေးငယ်များအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန်နှင့် တော်လှန်ရေး အဖွဲ့အစည်းများအတွင်း မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရေး မူဝါဒများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။

မတရားမှုကို မျက်ကွယ်မပြုဘဲ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းမှသာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများက ထောက်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဗကသများအဖွဲ့ချုပ်၊ Burmese Women’s Union (BWU)၊ European Rohingya Council (ERC)၊ Progressive Voice (PV) နှင့် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု (BMC) အပါအဝင် အဖွဲ့အစည်းပေါင်း ၁၄၈ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။