ပုလောမြို့နယ်တွင် နွေရာသီစာပေသင်တန်းတက်နေချိန် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေး ၃ ဦးအပါ ၆ ဦးသေဆုံး

ဓာတ်ပုံ - KNU
ပုံစာ - စစ်တပ်၏လေယာဉ်ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသူများ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် တဖီလေးခိုရွာကို စစ်ကော်မရှင်တပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေး သုံးဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၉ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်က ပုလောမြို့နယ် တဖီလေးခိုရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လေကြောင်းဗုံးကြဲခံရသည့်ကျေးရွာသည် တနင်္သာရီမြစ်ကမ်းနားဘေးတွင် တည်ရှိနေပြီး ယင်းနေရာတဝိုက် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း ကေအဲန်ယူ တပ်မဟာ – ၄ မြိတ်ထားဝယ်ခရိုင် ပဒိုစောအယ်နားက MPA ကို ပြောသည်။

“ကလေးတွေများတယ်၊ နွေရာသီ ကလေးစာပေသင်တန်းကျောင်းတက်နေတဲ့အချိန်ပါ၊ ခရစ်ယာန်သာသနာအိမ်မှာပါ။ ခရစ်ယာန်ဘုရားကျောင်းတော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ယောက်ျားလေး ၂ ဦး၊ အသက် ၆ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသား သုံးဦးသေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ယောက်ျားလေး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ဆိုသည်။

MPA က လက်ခံရရှိထားသည့် ဗီဒီယိုဖိုင်တွင် ဗုံးသီးက နေအိမ်အရှေ့ဘက်အပေါ်တည့်တည့်ကို ကျရောက် ပေါက်ကွဲခဲ့သည်ဟု ယူဆရပြီး မြေပြင်တွင် တစ်စစီပြန့်ကျဲနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိခဲ့ရသည်။

“သူတို့ (စစ်တပ်) က ဘာသာရေးကျောင်းတွေ ပစ်မှတ်ထားတယ်၊ လူသားဆန်တဲ့ လုပ်ရပ်မဟုတ်ဘူး၊ သူတို့ (စစ်တပ်) စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်” ဟု စစ်တပ်၏ အရပ်သားပစ်မှတ်တိုက်ခိုက်နေသည့်အပေါ် ပဒိုစောအယ်နားက ပြောသည်။

လေယာဉ်ဗုံးကြဲခံရသည့်နေအိမ်တွင် ကလေးအပါအဝင် လူဦးရေမည်မျှရှိသည်ကို အတိအကျမသိရသော်လည်း ခန့်မှန်းခြေ ဆယ်ချီရှိနိုင်ပြီး အများစု ကလေးသူငယ်များဖြစ်ကြကြောင်း ဆိုသည်။

တဖီလေးခိုရွာသည် ပုလောမြို့နယ် ပလောက်မြို့ အရှေ့ဘက် မိုင် ၂၀ ကျော်တွင် တည်ရှိပြီး ကရင်လူမျိုးအများစု နေထိုင်ကြသည်။

ထို့အပြင် မတ်လ ၉ ရက် နံနက်အစောပိုင်းက သရက်ချောင်းမြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းအရင်းအမြစ်အချို့က ပြောသည်။

“ပစ်ခတ်မှုတော့ ဖြစ်တယ်၊ ရဲစခန်းလို့တော့ သိထားတယ်၊ ဘယ်အဖွဲ့ကလဲဆိုတာ ကျွန်တော်တို့လည်း သေချာ မသိသေးဘူး၊ ပြောရရင် ထားဝယ်ခရိုင်ထဲမှာပဲ ဒီနေ့ (မတ်လ ၉) ရက် တစ်ရက်တည်း ပစ်ခတ်မှု ဖြစ်တာ တစ်နေရာတည်းမှ မဟုတ်တာ၊ တွေ့တဲ့အတိုင်းပဲ လေကြောင်းနေ့တိုင်းပစ်နေတာ” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲနှင့်ပတ်သက်သည့် အချက်အလက်ကို အသေးစိတ်သိရှိနိုင်ရန် ထားဝယ်ခရိုင်အခြေစိုက် တပ်ရင်းတပ်ဖွဲ့များကို ဆက်သွယ်ပေမဲ့ ဖြေကြားပေးခြင်း မရှိသေးပေ။

ဖေဖော်ဝါရီလအစောပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေသည့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် အင်တာနက်၊ ဖုန်းလိုင်းအချို့ ဖြတ်တောက်ကန့်သတ်ခံထားရသည့်အတွက် ဒေသခံများထံ ဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ခေါ်ဆို၍ မရပေ။

ထိုနေ့တစ်ရက်တည်း နံနက် ၁၀ နာရီခန့်က ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်း၊ ၅ မိုင်အနီးတွင် စစ်တပ်စစ်ကြောင်းနှင့် ကရင်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် စစ်တပ်က ၄ ဦးသေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး MA 1 (၁) လက်၊ MA 3 (၂) လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားသည်။

တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီတိုင်းတွင် စစ်တပ်၏ လေကြောင်းဗုံးကြဲမှုနှင့် စစ်ကြောင်းထိုးသတ်ဖြတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု ပိုတိုးလာနေသလို အချို့ဒေသခံအများအပြား နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်။